
နယ်မြေ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲတပ်ဖွဲ့စခန်းလေးခုကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
အဆိုပါ ရဲတပ်ဖွဲ့စခန်း လေးခုကို ချထားရန် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) လုံခြုံရေး တာဝန်ယူစဉ်ကပင် အစီအစဉ် ရှိခဲ့သော်လည်း မောင်တောခရိုင်၏ လုံခြုံရေးတာဝန်ကို ရဲတပ်ဖွဲ့က တာဝန်ယူသည့် အချိန်မှသာ အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းးကဆိုသည်။
သို့သော်လည်း ရဲတပ်ဖွဲ့စခန်း စတင်ချထားမည့် အချိန်ကာလ အတိအကျကိုကား ၎င်းက ပြောဆိုခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် လုံခြုံရေး ကင်းစခန်းများကို ရဲတပ်ဖွဲ့စခန်းများအဖြစ် တိုးမြှင့်လုပ်ဆောင်ရန် အကြံပြု ထားသဖြင့် ယင်းအစီခံစာ၏ အကြံပြုချက်ကို အကောင်အထည် ဖော်သည့်အနေနှင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင်က ထပ်မံပြောကြားသည်။
တိုးချဲ့ချထားမည့် စခန်းလေးခုအနက် သုံးခုကို အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်မာင်တောမြို့နယ် တောင်ပိုင်းတွင် သုံးခု၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တစ်ခုချထားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မောင်တောမြို့နယ်တွင် တိုင်းရင်းသားဦးရေ နည်းပါးပြီး ဘင်္ဂါလီဦးရေ ရာခိုင်နှုန်း ၉၀ ကျော်ရှိသည့်အပြင် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း ယင်းနေရာတွင် လုံခြုံရေးအင်အား ချထားမှု အလွန်နည်းပါးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ရသည့် လက်နက် အရည်အသွေး ညံ့ဖျင်းကြောင်း မောင်တော မြို့နယ်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
မောင်တောခရိုင်တွင် လုံခြုံရေး တာဝန်ယူထားသည် န.စ.က ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ဖျက်သိမ်းခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြောင်းလဲ တာဝန်ပေးထားသည်။
Myawady News
0 comments:
Post a Comment