Wednesday, January 15, 2014

ကိုရီးယား-မြန်မာဖက်စပ် Gucci လက်ကိုင်အိတ်များ ပြည်တွင်းတွင် ထုတ်မည်

တောင်ကိုရီးယားမှ Gucci ကုမ္ပဏီနှင့် ပြည်တွင်းမှ 3T ကုမ္ပဏီတို့ ပူးပေါင်းကာ တန်ဖိုးကြီး အမျိုးသမီး လက်ကိုင်အိတ်များကို ပဲခူး စက်မှုဇုန်တွင် CMP (လက်ခစားစနစ်) ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။ 

Coach၊ Gucci၊ DKNY အစရှိသော ကမ္ဘာကျော် တန်ဖိုးကြီး လက်ကိုင်အိတ်နှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ် တင်ပို့ခွင့်ကို ဇန်နဝါရီ ၈ ရက်နေ့က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ခွင့်ပြုချက် ရရှိခဲ့ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုက ၅၀ ရာခိုင်နှုန်း စီအကျိုးတူ ရင်းနှီးမြှုပ်နှံထားသော Korea Hana Myanmar Co.,Ltd. သည် စက်ရုံကို အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ရင်းနှီးမြှုပ်နှံထားပြီး ယခုနှစ်မှစတင်ကာ တစ်နှစ်လျှင် လက်ကိုင်အိတ် အရေအတွက် ၁၃ သန်းမှ ၁၄ သန်းအထိ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း 3T ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထား သည်။

ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုဖြစ်သော Wacoal အမှတ်တံဆိပ်ကလည်း အမျိုးသမီး အတွင်းခံ အဝတ်များကို ပြည်တွင်းရှိ MK၊ ထိုင်းနိုင်ငံမှ Thai Wacoal ကုမ္ပဏီ၊ Pattaya Manufacturing နှင့် ဂျပန်မှ Wacoal Corp တို့နှင့် ပူးပေါင်း၍ လှိုင်သာယာ စက်မှုဇုန်တွင် ထုတ်လုပ်နေသည်။

“CMP လုပ်ငန်းတွေများလာတော့ အလုပ်အကိုင် ပေါတာပေါ့။ ဒီက လုပ်သားတွေက ကျွမ်းကျင်မှု မရှိပေမယ့် သင်ပေးရင် တတ်လွယ်တယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေချည်းပဲ ဝင်လာရင်တော့ မကောင်းဘူး။ တခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်လာအောင် လုပ်ရမယ်” ဟု ရွှေပေါက်ကံ စက်မှုဇုန်ရှိ CMP စနစ် အထည်ချုပ် လုပ်ငန်းတစ်ခုမှ အထွေထွေ မန်နေဂျာတစ်ဦးက ဆိုသည်။

CMP စနစ်လုပ်ငန်းများမှာ လုပ်သား လိုအပ်ချက် များသော်လည်း ကျွမ်းကျင်လုပ်သား မွေးထုတ်ရန် ခက်ခဲနေပြီး တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ် သင့်ကြောင်းလည်း ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့က အကြံပြုသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် လက်ခစား (CMP) စနစ်ဖြင့် လုပ်ကိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၉ ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၂ ခုတို့ကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း MIC ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment