Wednesday, January 15, 2014

Miss Grand Slam 2013 ၏ Top-20 စာရင်းတွင် ခင်ဝင့်ဝါ ထပ်မံပါဝင်

Global Beauties Websiteက ချီးမြှင့်မည့် Miss Grand Slam 2013 ၏ Top-20 စာရင်းတွင် မြန်မာ နိုင်ငံမှ Miss Supranational Myanmar ခင်ဝင့်ဝါ ထပ်မံပါဝင်ခဲ့ပြန်သည်။

ယင်းသည် Miss Grand Slam 2013 အတွက် ပဏာမအဆင့် ၈၂ ယောက်ကို စတင် ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး အယောက် ၅၀ ရွေးချယ်သည့်အထဲတွင်လည်း ထပ်မံပါဝင်ခဲ့ကာ အယောက် ၂၀ ရွေးချယ်မှု တွင် ထပ်မံပါဝင်ခဲ့ခြင်းဖြစ်သည်။

“အခုလို အလှမယ်ဝက်ဘ်ဆိုဒ်တွေမှာ ပါဝင်တာ အရမ်းဝမ်းသာပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၀င်ပြိုင်တယ်၊ နောက်ဆုံး ခြောက်ယောက်ထဲမှာလည်း ပါဝင်ခဲ့တယ်၊ အဲဒီ အတွက် ဂုဏ်ယူမိပါတယ်။ ဆု ကတော့ လိုချင်ပါတယ်။ ရနိုင်မယ်ဆိုရင်တော့ လိုချင်တာပေါ့။ အလှအပနဲ့ ပတ်သက်လို့ကတော့ ညီမက အရင်ကတည်းက ခန္ဓာကိုယ် သိပ်မထိန်းဖြစ်ဘူး။ ဒါပေမဲ့ ၀တာတော့မကြိုက်လို့ အားကစားတော့ ပုံမှန် လုပ်ဖြစ်တယ်။ အစားအသောက် ဆိုရင်လည်း ဂရုစိုက်ပြီး စားသောက်ရပါတယ်။ အသားအရေကတော့ လူတိုင်း ထိန်းသိမ်းသင့် ပါတယ်။ ညီမတို့ အနုပညာရှင်တွေဆိုရင် ပိုပြီး ထိန်းသိမ်းရပါတယ်။ အပြင်မှာ ကား ရိုက်ကူးမှုတွေ လုပ်ရင်လည်း အသားအရေ ထိန်းသိမ်းတဲ့အနေနဲ့ SPS 50 လောက် ပါတဲ့ နေရောင် ကာခရင်မ်ကို လိမ်းရပါတယ်။ အသားအရေ ထိန်းသိမ်းခြင်းကလည်း ညီမတို့ အလှအပ အတွက် အထောက်အကူ ပြုပါတယ်”ဟု ခင်ဝင့်ဝါက ပြောသည်။

၎င်းသည် Miss ပြိုင်ပွဲများကို ယခုနောက်ပိုင်း ဆက်လက်ဝင်မပြိုင်ဖြစ်ခြင်းသည် Miss Supranational 2013 ကို စတင်ဝင်ရောက် ယှဉ်ပြိုင်စဉ်ကတည်းက ဆုရခြင်း မရခြင်းထက် နောက်ပိုင်းတွင် ဆက်လက် မပြိုင်ရန် ဆုံးဖြတ်ထားခြင်းကြောင့်ဟု ဆိုသည်။

ယင်းသည် "Most Beautiful Girls Of The Year 2013" ၏ နောက်ဆုံးအဆင့် ခြောက်ယောက် ရွေး ချယ်ခြင်းတွင် အဆင့်ဆင့် တက်လှမ်းကာ ပါဝင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်းမရှိကြောင်း Miss Supra-national Myanmar မှ ကိုဝေယံအောင်က ပြောသည်။

၎င်းသည် Global Beauties Website မှ ချီးမြှင့်မည့် Miss Grand Slam 2013 ဆု အတွက် မဲပေးခြင်း ခံရသူဖြစ်ပြီး မဲအများဆုံးရရှိသည့် လေးဦးသည် Top-20 စာရင်း တွင် ပါဝင်လာခြင်းဖြစ်သည်။ ယင်း ၀က်ဘ်ဆိုဒ်၏ မဲအများဆုံးရရှိပြီး Top-20 စာရင်းတွင် ပါဝင်ခဲ့သူများသည် Myanmar Supranational၊ Ecuador Universe၊ Philippines World နှင့် Mexico Supranational တို့ ရရှိခဲ့ကြ ခြင်းဖြစ် သည်။

ခင်ဝင့်ဝါသည် အလှမယ် ၀က်ဘ်ဆိုဒ်များဖြစ်သည့် The Ideal Beauty - Top (30) Most Gorgeous Women? The Ideal Miss - Top (40)? The Beauties Concept - Top (25) Most Beautiful Girl of 2013? Global Beauties- Top (82) Miss Grand Slam 2013 တို့ က ရွေးချယ်ကြသည့် အချောလှ ဆုံးစာရင်းတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ သူမသည် ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးနေသည့် “ကျွန်တော့်ချစ် သူ ဘုရားမှာနေသည်” ရုပ်ရှင် ဇာတ်ကားတွင် စိုးရန်အောင်၊ မိုးယုစံတို့ဖြင့် ပါဝင်သရုပ်ဆောင်နေပြီးကြော် ငြာများ၊ ဗီဒီယိုများကို လက်ခံ ရိုက်ကူးနေသည်။

Mizzima - News in Burmese

0 comments:

Post a Comment