မြန်မာ့ ရေထွက်ကုန်များ တရုတ်ဈေးကွက်အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အမေရိကန် ပြည်ထောင်စုတွင် ဈေးကွက် ရှာဖွေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပို့ကုန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း ရေထွက်ကုန် အများစုကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့နေ ရပြီး အရှေ့အလယ်ပိုင်း နိုင်ငံများ၊ ဥရောပနိုင်ငံ အချို့နှင့် အမေရိကန် ပြည်ထောင်စုသို့ အနည်းငယ် တင်ပို့နေကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင် အသိုင်း အဝန်း ထံမှ သိရသည်။
အမေရိက ဈေးကွက်ရှာဖွေရန်အတွက် မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့တွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး ရေထွက်ပို့ကုန်နှင့် ပင်လယ်စာပြပွဲတွင် ဝင်ရောက် ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းထံမှ သိရသည်။
ယင်းပြပွဲ သွားရောက် ပြသရန်အတွက် ကုမ္ပဏီ ၂၀ ခန့် စုစည်းရရှိထားပြီး ငါးနှင့်ပုစွန်ကို အဓိကထား ပြသရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါ ပြပွဲတွင် မြန်မာ့ ရေထွက်ကုန်များ အောင်မြင်မှုရပါက ဥရောပ နှင့် ရုရှားတွင် ပြုလုပ်မည့် ရေထွက်ပစ္စည်း ပြပွဲများသို့ပါ သွားရောက် ပြသမည် ဖြစ်ကြောင်း ဦးထွန်းအေးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အော်ဂဲနစ်စနစ်ဖြင့် မွေးမြူသော ငါးမွေးမြူရေး လုပ်ငန်းများ ရှိသည့်အတွက် ဘော်စတွန် ရေထွက်ပစ္စည်းပြပွဲတွင် အဆိုပါ ငါးများကို သွားရောက် ပြသမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ငါးမွေးမြူရေး လုပ်ငန်းရှင် ဒေါက်တာမြင့်စိန်က ဆိုသည်။
လက်ရှိတွင် တရုတ်ဈေးကွက်မှာ ရေထွက်ကုန်များကို ကမ္ဘာပေါ်တွင် ဈေးအမြင့်ဆုံး ပေးနိုင်သည့်အတွက် အမေရိက ဈေးကွက်သို့ စတင်တင်ပို့မည် ဆိုပါက ဈေးနှုန်းမှာ တရုတ်ဈေးနှုန်းကို မီနိုင်မည် မဟုတ်ကြောင်း ဦးထွန်းအေးက ဆိုသည်။
The Voice Weekly
0 comments:
Post a Comment