Friday, January 3, 2014

ထန်းတပင် မြို့နယ်မှ အယောင်ဆောင်မှုနှင့် လုယက်မှု ကျူးလွန်သူများ အဖြစ် ယူဆရသူ ငါးဦး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူ ကျေးရွာတွင် ဖမ်းမိ

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ် ရိုးလေးရွာတွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဒေါ်ဆောင်းနှင်းအေး ၂၄နှစ် (ဘ) ဦးသန်းဌေးထံမှ ငွေနှင့် ရွှေထည် ပစ္စည်းများကို ရဲအရာရှိ အယောင်ဆောင်ပြီး လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ထန်းတပင်မြို့နယ် တက်သစ် နယ်မြေ ရဲစခန်းမှ (ပ)၁၃၁/ ၂ဝ၁၃ ပြစ်မှု ပုဒ်မ (၃၈၂/ ၁၇ဝ)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိရာ အမှုနှင့်ပတ် သက်၍ တရားခံဟု ယူဆရသူများအား မန္တလေး တိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူ ကျေးရွာတွင် ဇန်နဝါရီ ၁ရက် မွန်းလွဲ ၂နာရီခွဲခန့်က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

တရားခံဟု ယူဆရသော မြင့်အောင် ၅၇နှစ် (ဘ) ဦးထွန်းခင်၊ သက်ပိုင် ၂၃နှစ် (ဘ) ဦးတင်ထွန်း၊ ဒေါ်ပြုံး ၄၅နှစ် (ဘ) ဦးကုလား ဆင်ဖြူရှင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် မိုးမိုးထွေး ၂၂နှစ် (ဘ)ဦးမြင့်အောင်၊ သန္တာစိုး ၂၈နှစ် (ဘ) ဦးမြင့်အောင် လှိုင်သရဖူ (၁၃)ရပ်ကွက် လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးတို့ ငါးဦးအား ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာ အနောက်ဘက်ရှိ သရက်ခြံ အတွင်း ပုန်းအောင်းနေ စဉ် ရန်ကုန်တိုင်း ဒေသကြီး မှုခင်း အကူတပ်ခွဲ(၂)နှင့် ကျောက်ဆည် ခရိုင် (မှု/ ကူ) အဖွဲ့ ကျောက်ဆည် မြို့မ ရဲစခန်း နယ်ထိန်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံဟု ယူဆရသူများ နှင့်အတူ သက်သေခံ ပစ္စည်းများဖြစ်သည့် လက်ကောက် ရှစ်ကွင်း (အလေးချိန် ခြောက်ကျပ်သားခန့်)၊ ရွှေဆွဲကြိုးသုံး ကုံး(အလေးချိန် တစ်ကျပ်ခွဲသားခန့်)၊ လက်စွပ် သုံးကွင်း (အလေးချိန် သုံးမတ်သားခန့်) စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၄ဝခန့်နှင့် ငွေစက္ကူမျိုးစုံ ငွေကျပ် ၇၄ဝဝဝဝ တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment