ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသအတွင်း ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊
တည်းခိုရိပ်သာ၊ စားသောက် ဆိုင်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ
အဆောက်အအုံများဆောက်လုပ်ရန် ဆောင်ရွက်ခြင်းများတွင် ဥပဒေချိုးဖောက်မှုများ
ရှိနေသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဇန်န၀ါရီလ ၆ ရက် သတိပေးချက်
ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသအချို့၌ အထက်ဖော်ပြပါ အဆောက်အအုံများ တည်ဆောက်ခြင်း၊ တည် ဆောက်ရန်အတွက် မြေနေရာများရှင်းလင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ ၀င်းခြံများကာရံရန် တိုင်များစိုက်ထူ ခြင်းနှင့် ကာရံခြင်းများကို ဆောင်ရွက်နေသည်ဟု ဆိုထားပြီး ယင်းသို့ ဆောင်ရွက်ခြင်းသည် ဥပဒေချိုး ဖောက်ရာရောက်သည့်အပြင် တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှု၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ မြင်ကွင်းများပျက်စီးမှုကို ဖြစ်ပေါ်လျက်ရှိနေသည်ဟု ထုတ်ပြန်ထား သည်။

ပုဂံမြို့နယ်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်းက ရှေးဟောင်းတည်ရှိရာဇုန်ထဲတွင် ဆောက်လုပ်နေသော ဧရာဟိုတယ်ကို ခွင့်ပြုချက်မရဘဲ ဆောက်လုပ်သည့် အတွက် လုပ်ငန်းများ ရပ်နားရန် တားမြစ်ထားသည်ဟု ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဧရာဟိုတယ်မန်နေဂျာ ဦးထွန်းထွန်းအောင်က ဟိုတယ်ဆောက်လုပ်ခွင့်ကို ယခု နှစ်၊ ဇွန်လက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ တင်ပြခဲ့ပြီး ဌာနမှ ခွင့်ပြုချက် မရမီ ဆောက်လုပ်ခဲ့သည့်အတွက် ရပ်နားလိုက်သည်ဟု အတည်ပြုပြောကြားသည်။
ပုဂံဒေသရှိ တားမြစ်ဧရိယာတွင် စကိတ်ကွင်းတည်ဆောက်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကိုလည်း မကြာသေးမီက တရားစွဲဆိုထားသည်ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။
“အဓိက,ကတော့ စီးပွားရေးသမားတွေကို လိုက်လံပြီး တားမြစ်နေရတယ်။ စားသောက်ဆိုင်တွေ၊ ကျူးကျော်အိမ်တွေကို တရားမစွဲခင်မှာ ဖျက်သိမ်းဖို့ ညွှန်ကြားချက် ထုတ်ထားတယ်။ တရားဝင် စာပို့ထား တယ်။ သတ်မှတ်ရက် မဖျက်သိမ်းရင် တရားစွဲဆိုသွားမယ်”ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။
ပုဂံရှေးဟောင်းဒေသတွင် အဆောက်အအုံများ တိုးချဲ့မှုများကို ဆန့်ကျင်နေသည့် ပုဂံရှေးဟောင်း ထိန်းသိမ်းရေး အဖွဲ့မှ ကိုဆန်းမင်းက ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ ပြုလုပ်နေသော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်များ တိုးချဲ့ခြင်းများသည် ဆက်လက်တိုးပွားနေသည်ဟု ပြောသည်။
“အထက်လူကြီးတွေ ခွင့်ပြုချက်နဲ့ ဆောက်လုပ်နေတယ်လို့ ပြောတယ်။ လုပ်ငန်းက ရပ်ဆိုင်းမသွားဘဲ တိုးပွား ပြီးတော့ပဲ လုပ်နေကြတယ်။ အခုလို ဧည့်များတဲ့ရာသီမှာ ပိုဆိုးတယ်”ဟု ပြောသည်။
ပုဂံရှေးဟောင်းနယ်မြေတွင် ဟိုတယ်ဆောက်ခွင့် တားမြစ်ထားသည့်နေရာသုံးခုအဖြစ် ရှေးဟောင်း အဆောက်အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းများတည်ရှိသောနေရာဇုန်နှင့် ရှေးဟောင်းကာကွယ်စောင့် ရှောက်ထားသော ဇုန်ဟူ၍ သတ်မှတ်ထားသည်ဟု ၎င်းက ပြောသည်။
Mizzima - News in Burmese
0 comments:
Post a Comment