Wednesday, January 15, 2014

ရှမ်းပြည်နယ်နေ့ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမည်

ရှမ်းပြည်နယ်နေ့ကို ရှမ်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ထံ ဇန်နဝါရီလ ၉ ရက်နေ့တွင် စုပေါင်း လက်မှတ်ရေးထိုး ကာ တင်ပြ တောင်းဆိုထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကျိုင်းတုံခရိုင် NLD ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်ယီက ပြောကြားသည်။

ကျိုင်းတုံမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အပါအဝင် နိုင်ငံရေး ပါတီများက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စုပေါင်း လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံသို့ တင်ပြတောင်းဆို ခဲ့သော်လည်း ထူးခြားမှု မရှိ၍ ထပ်မံတင်ပြ တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြော ကြား သည်။

“ကွန်ဟိန်း မဲဆန္ဒနယ်က ဒေါ်နန်းဝါနုကတော့ လွှတ်တော်ထဲမှာ ဒီအကြောင်းကို တင်ပြပေး မယ် လို့ ပြောတယ်။ အခုက လွှတ်တော် မတက်ဖြစ်သေးတာရယ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ် တစ်ခုတည်းနဲ့ မရနိုင်သေးဘူး ဆိုတာရယ်ကို သူကပြန်ဆက်သွယ်ပြီး ပြောကြားလာလို့ သမ္မတကြီးနဲ့ ပြည်ထောင်စု လွှတ်တော် နာယကထံကို ထပ်တင်ပြတာပါ” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ်နေ့ မဖြစ်ပေါ်လာပါက ပြည်ထောင်စုနေ့လည်း ပေါ်ပေါက်လာမည် မဟုတ်သည့်အတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးသင့်ကြောင်းနှင့် အခြားပြည်နယ်များ၏ ပြည်နယ်နေ့များကို တရားဝင် ရုံးပိတ်ရက်အဖြစ် ရနေကြကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦး ဖြစ်သူ ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ဟားခါး မဲဆန္ဒနယ်မှ ဦးငွန်မောင်းက ပြည်နယ်များတွင် သက်ဆိုင်ရာပြည်နယ် များ၏ နေ့ထူးနေ့မြတ်များကို ပြည်နယ် အစိုးရက တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေးအတွက် ပြည်ထောင်စု အစိုးရက အမိန့်ညွန်ကြားချက် ထုတ်ပြန်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ဖူးသည်။

ရှမ်းပြည်နယ်နေ့ကို ရှမ်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အတွက် ကျိုင်းတုံခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌနှင့် ကျိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (SNDP) ဒု-ဥက္ကဋ္ဌနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌတို့က ဇန်နဝါရီလ ၉ ရက်နေ့တွင် စုပေါင်းလက်မှတ် ရေးထိုးခဲ့ကြသည်။

The Voice Weekly

0 comments:

Post a Comment