Wednesday, January 15, 2014

မယ်ဆိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲ၊ သယ်ဆောင်ခြင်းရှိမရှိ အထူးစစ်ဆေး

မြန်မာနိုင်ငံ အရှေ့ဘက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် တစ်ဖက်ကမ်း နယ်စပ်မြို့တစ်မြို့ဖြစ် သည့် မယ်ဆိုင်မြို့အတွင်း LOTUS ကုန်တိုက်သို့ သွားရာ လမ်းပေါ်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အပြာ ကိုင်ဆောင် ထားသူများကို မူးယစ်ဆေးဝါး သယ်ဆောင်မှုရှိမရှိ ဇန်နဝါရီလမှစ၍ အထူးစစ်ဆေးလျက် ရှိကြောင်း ကိုယ်တိုင် စစ်ဆေးခံခဲ့ရသူ မိုင်းတုံမြို့နေ ဒေါ်နန်းမိုခမ်းက ပြောကြားသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် ဝင်ပေါက်တွင် မူးယစ်ဆေးဝါး မိပါက သေဒဏ် ထိုက်သင့်သည့် ပြစ်ဒဏ်ခံရမည် ဖြစ်ကြောင်းကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြထားပြီး အဝင် တွင် အနံ့ခံခွေး၊ စက်များဖြင့် စစ်ဆေးလျက် ရှိကြောင်း ဒေါ်နန်းမိုခမ်းက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဘက်မှ အထူးသဖြင့် ယာဘဆေးပြားများ သယ်ဆောင်သူ များကို ယခင်ထက် ပိုမိုဖမ်းဆီးရမိလျက် ရှိသည့်အတွက် အထူးစစ်ဆေးလျက် ရှိသည့်အပြင် ဆေးသုံးစွဲမှုရှိ မရှိကို ဆီးထပ်မံစစ်ဆေး၍ ဆေးသုံးထားကြောင်း သေချာစွာ တွေ့ရှိပါက ခရိုင်ထောင်သို့ပို့ပြီး တရားစွဲကြောင်း စစ်ဆေးရေးအဖွဲ့ဝင် ထိုင်းရဲတပ်ကြပ်တစ်ဦးက ပြောကြားသည်။

“ကုန်တိုက်ကိုသွားတဲ့ လိုင်းကားကိုရပ်ပြီး ကိုယ်ပေါ်ရော ပိုက်ဆံအိတ်ပါမကျန် အားလုံးစစ် တယ်။ မြန်မာတွေ က လက်မှတ်အပြာတွေကို ထောင်ပြထားရတယ်။ သူတို့နိုင်ငံသားတွေက အဖြူကတ်ပြတာနဲ့ မစစ်တော့ဘူး။ မသင်္ကာတဲ့သူကို လမ်းဘေးမှာ သေးပေါက်ခိုင်းတာ တွေ့ရ တယ်။ ဆီးစစ်တယ်လို့ ပြောတာပဲ။ ဆိုင်ကယ်တွေလည်း စစ်တာတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

လိုင်စင်ကအစ အားလုံးစစ်ဆေးပြီး ဆီးစစ်၍ မသင်္ကာသူများကို ရဲစခန်းကို ခေါ်ဆောင် သွားသည်ကို တွေ့မြင်ခဲ့ဖူးကြောင်း၊ သွေးစစ်၊ ဆီးစစ်ခြင်းများ ထပ်မံစစ်ဆေး၍ သေချာလျှင် ထိုင်းထောင်ဒဏ်တစ်နှစ်၊ တစ်နှစ်ခွဲခန့် ချမှတ်ခံရသည်ဟု သိရှိရကြောင်း ကိုယ်တိုင် စစ်ဆေးခံခဲ့ရသူ ဆိုင်ကယ် TAXI သမားတစ်ဦးက ပြောကြားသည်။
“အရင်က ရှောင်တခင် စစ်ဆေးတာလောက်ပဲ ရှိတယ်။ အခုနှစ်ဆန်းပိုင်းကစပြီး နေ့စဉ်ရက်ဆက် ဆိုသလို စစ်ဆေးရေးရှိတယ်” ဟု ၎င်းကဆိုသည်။ 

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် မူးယစ်ဆေး ဖမ်းဆီးရမိမှု ယခင်ကထက် များပြားလာပြီး တာချီလိတ်မြို့ပေါ်နှင့် မိုင်းဆတ်၊ မိုင်းတုံ နယ်စပ်တစ်လျှောက်ရှိ လူငယ်အများအပြား မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာသည့်အတွက် မိဘများနှင့် လူထုက စိုးရိမ်နေကြကြောင်း၊ ပြည်တွင်းမှ တာဝန်ရှိသူများက ဘိန်းခင်းများ ဟန်ပြဖျက်ပြနေရုံ၊ ပြည်ပက ထောက်ပံ့သူများက လှူပြနေရုံဖြင့် မူးယစ်ဆေး ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် အစိုးရ၊ တပ်မတော်၊ ဒေသခံလူထု၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသတွင်း နိုင်ငံ များက အားကောင်းသည့် စီမံကိန်းများဖြင့် လက်တွေ့ အကောင်အထည်ဖော် ပူးပေါင်း ဆောင်ရွက်နိုင်မှသာ ဖြေရှင်းနိုင်မည်ဟု ယူ ဆကြောင်း အထက်မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်က သုံးသပ်ပြောကြားသည်။ 

“မူးယစ်ဆေးအလုပ်က နောက်ဆုံးပေါ်ကား ထည်လဲစီးနိုင်၊ လုပ်ငန်း မည်မည်ရရ မရှိဘဲ သိန်းထောင်ကျော်တိုက်တွေ ဆောက်နိုင်၊ ငွေကို လေလို သုံးနိုင်တာဆိုတော့ နိုင်ငံတော်က နောက်ငါးနှစ်တိုးပြီး ဆောင်ရွက် လည်း ပျောက်နိုင်မယ် မထင်ဘူး” ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းကို ၁၉၉၉ ခုနှစ်မှ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်စီမံကိန်းကို ယခင်အစိုးရ လက်ထက်မှစ၍ ချမှတ်အကောင်အထည် ဖော်ခဲ့သော်လည်း ပပျောက်နိုင်ခြင်း မရှိသဖြင့် နောက်ထပ် သက်တမ်းငါးနှစ် တိုးချဲ့လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment