Wednesday, January 15, 2014

ပြည်တွင်း ငွေပေးချေမှုကတ် သုံးစွဲသူ ခြောက်သိန်းကျော်သို့ ရောက်ရှိ

Photo: ပြည်တွင်း ငွေပေးချေမှုကတ် သုံးစွဲသူ ခြောက်သိန်းကျော်သို့ ရောက်ရှိ
Wednesday, January 15, 2014

မြန်မာနိုင်ငံတွင် ကတ်ငွေပေးချေမှုစနစ် အကောင်အထည် ဖော်ပြီးသည့် ၂ နှစ်ကျော်ကာလအတွင်း ပြည်တွင်းငွေပေး ချေမှုကတ် သုံးစွဲသူ တဖြည်းဖြည်း မြင့်တက်လာပြီး သုံးစွဲသူပေါင်း ခြောက်သိန်းဝန်းကျင် ရှိကြောင်း ပြည်တွင်းဘဏ်များ ပူးပေါင်း ဖွဲ့စည်းထားသော MPU(Myanmar Payment Union) အချက်အလက်စင်တာ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က The Voice သို့ ပြောကြားသည်။
MPU ကတ်များသည် ပိတ်ရက်မရှိ ငွေထုတ်ယူနိုင်ခြင်း၊ သယ်ဆောင်ရ လွယ်ကူခြင်း စသည်တို့ကြောင့် သုံးစွဲမှုမှာဆက်လက် မြင့်တက် လာမည် ဖြစ်ပြီး အဆိုပါ ကတ်များဖြင့် ငွေထုတ်ယူမှုမှာလည်း တစ်ရက်လျှင် ကျပ်သိန်းတစ်ထောင်ကျော်ရှိကာ လကုန်ရက်ပိုင်းတွင် ငွေထုတ်ယူမှု ပိုမိုမြင့်တက်လေ့ ရှိကြောင်း ၎င်းကရှင်းပြသည်။

“Communication (ဆက်သွယ်ရေး) ပိုင်းမှာတော့ အနည်းငယ် အခက်အခဲ ရှိနိုင်ပေမယ့် သုံးစွဲသူ ဆက်မြင့်တက်လာမှာပါ။ အခုတောင် တစ်နေ့တစ်နေ့ လာလျှောက်တဲ့သူတွေ အများကြီးပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်တွင်း MPU ကတ် သုံးစွဲသူများသည် ATM စက်များတွင် ငွေထုတ်ယူရာ၌ အင်တာနက်လိုင်း မကောင်းခြင်းကြောင့် ငွေထုတ်ယူရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ကတ်ညပ်ခြင်းများ ရှိနေကြောင်း ကတ်သုံးစွဲသူ အချို့က ဆိုသည်။

အင်တာနက်လိုင်း မကောင်း၍ ငွေထုတ်ရာတွင် ကြန့်ကြာမှုဖြစ်သည့် အခက်အခဲသည် ပြည်တွင်းတွင် လုပ်ကိုင်ခွင့် ရရှိထားသည့် အော်ရီဒူးနှင့် တယ်လီနော ကုမ္ပဏီများ ဝင်ရောက်လာချိန်တွင် အဆင်ပြေ သွားနိုင်ကြောင်း သမဝါယဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ကတ်ငွေပေးချေမှု စနစ်တစ်ခုကို အကောင်အထည် ဖော်ရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Myanmar Payment Union (MPU) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ATM ကတ်များ ကိုမူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ထုတ်ဝေခဲ့သည်။

The Voice Weekly

0 comments:

Post a Comment