Monday, January 20, 2014

ထမံသီရေအားလျှပ်စစ် ဆိုင်းငံ့ထားခြင်းဖြစ်ဟု ဒု-ဝန်ကြီးဆို

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ကို ပိတ်၍ တည်ဆောက်မည့် ထမံသီရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှုကို ဆိုင်းငံ့ထားသည်ဟု လျှပ်စစ်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက ဇန်နဝါရီလ ၂၀ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။ 

နည်းပညာ၊ စီးပွားရေး ရလာဒ် အားနည်းမှုနှင့် လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှု မြင့်မားခြင်းကြောင့် ယင်းသို့ စီစဉ်ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။ 

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခြင်းသည် ယာယီ(သို့မဟုတ်) အပြီးဖျက် သိမ်းခြင်း ဟုတ်မဟုတ်နှင့် ပြောင်းရွှေ့ခံ လယ်သမားများ လယ်ယာ ပြန်လည် လုပ်ကိုင်နိုင်ခွင့် ပေးမပေးကို ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးအေးက မေးမြန်းခြင်းကို ဒု-ဝန်ကြီးက ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ 

မြေယာဆုံးရှုံးသူများကို ပြန်လည်လုပ်ကိုင်ခွင့် ပေးရန် အစီအစဉ် ရှိမရှိကိုမူ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ 

ထမံသီ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ၂၀ဝ၇ ခုနှစ် နှစ်စပိုင်းကပင် စစ်ကိုင်းတိုင်း (အထက် ပိုင်း) ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံကျေးရွာနှင့် တဇုံးကျေးရွာများမှ အိမ်ခြေပေါင်း ၃၀ဝ နီးပါးသည် ရွာပောာင်းမှ မိုင်လေးဆယ်ခန့်ကွာဝေးသည့် နေရာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ ရသည်။ 

ထမံသီဆည်၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၁၆၇၈၀ ဖြစ်ကာ ကန်ရေပြည့်ရေပြင်၏ ဧရိယာမှာ ၅၃၉ စတုရန်းမိုင်ဖြစ်သည်။ ပင်မတမံ အမြင့်မှာ ၂၆၃ ပေရှိပြီး ဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၁၀ သိန်း ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment