Saturday, January 18, 2014

မဲမပေးရဲသော လွှတ်တော် ကိုယ်စားလှယ်များကြောင့် ရှက်မိကြောင်း သူရဦးရွှေမန်း ပြောကြား

ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရသည့် ဥပဒေများ၊ အဆိုများတွင် မဲမပေး ရဲသော လွှတ်တော် ကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် အရှက်ရမိကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။ 
ဇန်န၀ါရီ ၁၇ ရက်နေ့တွင် ပြုလုပ်သော နဝမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်း အဝေး တတိယနေ့တွင် နိုင်ငံတော်သမ္မတ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ လာသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်လည် အတည်ပြုရာတွင် မဲမပေးဘဲနေသော လွှတ်တော် ကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။ 

“ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာပြီပဲ။ မဲပေးတတ်ရမှာပေါ့။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ မချနိုင်ရင် ပြည်သူ့ကိုယ်စားလှယ် မမည်ထိုက်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုတာတွေကို ကြားသိနေရတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်စား ရှက်မိပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ ၅၂၇ ဦးရှိရာတွင် ထောက်ခံမဲ ၃၂၇ မဲ၊ ကန့်ကွက်မဲ ၁၇၁ မဲနှင့် ကြားနေမဲ ရှစ်မဲရှိပြီး ဆန္ဒမဲမပေးသူ ၂၁ ဦး ရှိကြောင်း လွှတ်တော် ကိုယ်စား လှယ်များထံမှ သိရှိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် နာယက တာဝန်ကို ပြီးခဲ့သည့် အဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးမှစ၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထံမှ လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

သူရဦးရွှေမန်းသည် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနက အားကစားအတွက် သုံးစွဲမည့်ငွေကို တလွဲတောင်းခံခဲ့ခြင်းကြောင့် ပညာရေးဝန်ကြီးဌာန ကိုယ်စား ရှက်မိကြောင်း ပြောကြားခဲ့ဖူးသည်။

The Voice Weekly

0 comments:

Post a Comment