Monday, January 20, 2014

ရခိုင်နှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကျော် ကုလထောက်ပံ့

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ပဋိပက္ခ ဒဏ်သင့် ဒုက္ခသည်များကို လူသား ချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကို ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနား က ပြောကြားသည်။

မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား လတ်တလော အငြင်းပွားမှုများ ဖြစ်ပေါ်နေ သည့် ရခိုင်ပြည်နယ် အခြေအနေများနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ သောမတ် အိုဟေးကင်တားနားက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းရှိ ပဋိပက္ခ ဒဏ်သင့် ဒုက္ခသည်များနှင့် ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေး ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အထောက်အကူပစ္စည်းများ ပေးအပ်ရန်အတွက် ယင်းသို့ ထောက်ပံ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထောက်ပံ့ငွေကို ကုလသမဂ္ဂ ဗဟိုအရေးပေါ် အကူအညီ ထောက်ပံ့ရေး ရန်ပုံငွေ အဖွဲ့အစည်းက မြန်မာနိုင်ငံ အတွင်းရှိ ကုလသမဂ္ဂ ရုံးခွဲများကို တိုက်ရိုက် ချပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ အကြမ်းဖက် ခံနေရသည်ဟူသည့် နိုင်ငံခြား သတင်း ဌာန တစ်ခု၏ သတင်း မှားယွင်းစွာ ထုတ်ပြန်ခဲ့မှုအပေါ် မြန်မာအစိုးရက မှားယွင်းကြောင်း ပြန်လည် ဖြေရှင်း ခဲ့သော်လည်း မစ္စတာ ကင်တားနားက ယင်းကိစ္စကို အမြန်ဆုံး စစ်ဆေး ဖော်ထုတ်သင့်ကြောင်း၊ အမှန်တကယ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါက နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့် အညီ သက်ဆိုင်သူများကို ပြင်းထန်စွာ အရေးယူသင့်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ကာလအတွင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးကာ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် တစ်သိန်းကျော် ရှိကြောင်း ထုတ်ပြန် ကြေညာချက် များအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment