Sunday, January 19, 2014

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စု အများစုမှာ ဘုံအမည်ကိုမထည့်ဘဲ မိမိမျိုးနွယ်အမည်မှန်ကိုသာ ထည့်သွင်းသွားမည်

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုျးနွယ်စုအများစုမှာ ဘုံအမည်ကို မထည့်ဘဲ မိမိမျိုးနွယ်အမည်မှန်ကိုသာ ထည့်သွင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့ပြင် သန်းခေါင်စာရင်းကိစ္စနှင့်ပတ်သက်ပြီး ကချင်တိုင်းရင်းသားများကြားတွင် အပြင်းအထန် အငြင်းပွားမှု များရှိနေကြောင်း မျိုးနွယ်စုအသီးသီးမှ စာပေနှင့်ယဉ်ကျေးမှု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ သန်းခေါင်စာရင်းအရ ကချင်မျိုးနွယ်စု ၁၂ မျိုးရှိပြီး အချို့မျိုးနွယ်စုများ ထပ်နေကြောင်း ကချင်မျိုးနွယ်စု များကြား အငြင်းပွားနေသည်ကို တွေ့ရသည်။ သန်းခေါင်စာရင်းအရ ကချင်မျိုးနွယ်စု ၁၂ မျိုးရှိပြီး ကချင်၊ ထရုံ၊ ဒလောင်၊ ဂျိန်းဖော၊ ဂေါ်ရီ၊ ခခူး၊ ဒူလင်၊ လော်ဝေါ်၊ ရ၀မ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ စသည့် အမည်နာမများဖြင့် တည်ရှိနေကြောင်း သိရသည်။ ယင်းစာရင်းအရ ကချင်လူမျိုးမှာ ကုဒ်နံပါတ် ၁၀၁ တွင်ပါဝင်နေပြီး ကချင်ဟူ သည်မှာ လူမျိုးအဖြစ်မရှိဘဲ မျိုးနွယ်စု ခြောက်မျိုး၏ ဘုံအမည်သာဖြစ်ကြောင်း ကချင်မျိုးနွယ်စုစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ က ဆိုသည်။

၎င်းအပြင် ဂေါ်ရီ၊ ခခူး စသည်တို့မှာ လူမျိုးအမည်မဟုတ်ဘဲ ဒေသကိုအစွဲပြုထားခြင်းဖြစ်ပြီး လူမျိုးအမှန်မှာ ဂျိန်းဖော လူမျိုးသာဖြစ်ကြောင်း ယင်းကော်မတီဝင်များက ဆိုသည်။ ရ၀မ်၊ လီဆူ၊ လော်ဝေါ်၊ လာချိဒ် စသည့် မျိုးနွယ်စုမှ စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များက “အဓိက ပြဿနာက ကုဒ်နံပါတ် ၁၀၁ က ကချင်လူမျိုး ဆိုတာပါတယ်။ အဖွဲ့အစည်းအချို့ကလည်း ကချင်မျိုးနွယ်စုတိုင်း ၁၀၁ မှာထည်သွင်းဖို့ ပြောဆိုလှုံ့ဆော် လာတာတွေ ရှိတယ်။ ၀န်ကြီးဦးခင်ရီပြောတော့ ကိုယ်ကြိုက်တာ ထည့်လို့လည်းရတယ်။ မထည့်တဲ့ လူမျိုးတွေက သူ့အလိုလိုပျောက်သွားမယ်။ ထပ်နေတာတွေရှိရင် ကိုယ့်မျိုးနွယ်အမှန်ကို ထည့်ပါ။ ကျွန်တော် တို့ရဲ့ အယူအဆကတော့ ကချင်မျိုးနွယ်စု ဘာထည့်ထည့် နောက်ဆုံးမှာ ကချင်မျိုးနွယ်ထဲပဲ ပါလာမယ်ဆိုတော့ ကိုယ့် မျိုးနွယ်စုကိုပဲထည့်ကြမယ်။ သန်းခေါင်စာရင်းပညာက ကိုယ့်နိုင်ငံမှာတောင် မရှိဘူးလို့ သိရတယ်။ နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ဖို့လို့မြင်ပါတယ်”ဟု တပ်ကုန်းရပ်ကွက် ရ၀မ်စာပေနှင့် ယဉ်ကျေးမှုရုံးတွင် စုပေါင်းဆွေးနွေးပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ်ဒေသအနှံ့တွင် အဆိုပါ မျိုးနွယ်စုအမည်များ အငြင်းအခုံဖြစ်နေပြီး တိုင်းရင်းသားမျိုးနွယ်စု အများစုမှာ ဘုံအမည်ကို မထည့်ဘဲ မိမိမျိုးနွယ်အမည်မှန်ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ အခြေစိုက် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ကမူ လူမျိုးအမှန်မဟုတ်သူများ အတွက် ပယ်ဖျက်ပေးရန်၊ လူမျိုးစာရင်းမပေါက်သေးသော မျိုးနွယ်စုများပြန်ရရန်အတွက် မကြာမီတင်ပြသွား မည်ဖြစ်ကြောင်းနှင့် ကချင်ဒေသတွင် ဒေသအေးချမ်းမှုမရှိသည့်အတွက်ကြောင့် စာရင်းမှန်ကန်မှုမရှိမည်ကို စိုးရိမ်ကြောင်း၊ သန်းခေါင်စာရင်းအား နိုင်ငံရေး၊ စစ်ရေးတွင် အသုံးမပြုဟု သိရသော်လည်း စိုးရိမ်စိတ် ရှိနေကြောင်း The Daily Eleven ၏ မေးမြန်းချက်ကို ဖြေကြားသည်။ 

Eleven

0 comments:

Post a Comment