ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)နှင့် ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှစ် ဖွဲ့စလုံးတွင်
ပါဝင်နေသည့် ကယန်းအမျိုးသားပါတီကို တစ်ဖက်ဖက်၌သာ ပါဝင်ရေးအပေါ် လာမည့် NBF
အစည်းအဝေးတွင် ညှိနှိုင်းသွားမည်ဟု NBF အဖွဲ့မှ ဖွဲ့စည်းထားသည့် ဖက်ဒရယ်
ပြည်ထောင်စုပါတီ (FUP) ဒုတိယခေါင်းဆောင် ဦးစိုင်းစောသန်းမြင့်က
ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို လာမည့်
ဇန်န၀ါရီလဆန်းပိုင်းအတွင်း ကျင်းပသွားရန်ရှိပြီး ယင်းအစည်း အဝေး တွင် လာမည့်
NBF အစည်းအဝေးများ၌ ကယန်းအမျိုးသားပါတီ ဆက်လက် ပါသင့်မပါသင့်ကို
အခြား တိုင်းရင်းသား ပါတီများက ဆုံးဖြတ်သွားရန် ရှိကြောင်း
ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။
"သူတို့က ဘယ်ဘက်ပါချင်သလဲ
ဆိုတဲ့ဆန္ဒ မေးလိုက်တော့ သူတို့လည်း မရှင်းဘူး ဖြစ်နေတယ်။ တစ်ခြမ်း တည်းမှာပဲ
ကျွန်တော်တို့က ပါစေချင်တယ်။ နှစ်ဖက်စလုံးကျတော့ ပေါ်လစီပိုင်းဆိုင်ရာ
ရှေ့ဆက် သွားရတာ အခက်အခဲ ရှိတာပေါ့။ UNA ရဲ့ ပေါ်လစီနဲ့ ကျွန်တော်တို့ NBF
ရဲ့ ပေါ်လစီက မတူကြဘူးလေ။ ပန်းတိုင်ပဲ တူကြတာလေ" ဟု ဦးစိုင်းစောသန်းမြင့်က
ပြောကြားသည်။
မည်သည့်ဘက်တွင် ပါဝင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့်
ကန့်ကွက်စရာ မရှိကြောင်း၊ ပေါ်လစီ မတူသည့် အတွက်သာ ဆက်လက်လက်တွဲ လုပ်ဆောင်၍
မရသည့် သဘောဖြစ်ပြီး အခြားမည်သည့် ကိစ္စမျှ မရှိကြောင်းလည်း ၎င်းက ပြောကြားသည်။
ယင်းနှင့် ပတ်သက်၍ ကယန်းအမျိုးသား ပါတီဘက်သို့ ဆက်သွယ်မေးမြန်းရာ
၎င်းတို့အနေဖြင့်မူ နှစ်ဖက် စလုံးတွင် ပါဝင်ပြီးဖြစ်သည့် အတွက် မည်သည့်ဘက်က
ဖိတ်ကြားသည်ဖြစ်စေ အစည်းအဝေး တက်ရောက် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား
ပါတီများဖြင့်သာ ဖွဲ့စည်းထားသည့် အဖွဲ့များဖြစ်သည့် အတွက် အလံတစ်ခုတည်း
အောက်တွင် လက်တွဲသွားစေလိုကြောင်း၊ အစည်းအဝေးများ မဖိတ်ကြား ပါကလည်း
လက်ခံသွားမည်ဖြစ်ကြောင်း စသည်ဖြင့်သာ ဆွေးနွေးသွားရန် ရှိသည်ဟု အဆိုပါပါတီ
အထွေထွေ အတွင်းရေးမှူး ဦးနန်းရီက ပြောကြားသည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှာ ၂၀၁၀ ရွေးကောက်ပွဲတွင်
ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် တိုင်းရင်းသား ပါတီအများစု ပါဝင်သည့်
အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင် ကယန်းအမျိုးသားပါတီ အပါအ၀င်
တိုင်းရင်းသားပါတီ ၁၅ ပါတီအထိ ပါဝင်နေကာ နောက်ထပ် လေးပါတီမှာလည်း
ထပ်မံပါဝင်လာရန် ရှိနေသည့် အဖွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။
ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)မှာ ၁၉၉၀ ပြည့်နှစ်
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပြီးနောက် ဒုတိယနှင့် တတိယ
မဲအများဆုံး ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ်(SNLD)နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)တို့ ပါဝင်နေသည့်
အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment