Friday, December 27, 2013

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရာတွင် ပထမဆုံး ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ပုဂံမြို့၌ ဇန်န၀ါရီလတွင် လေးရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌ ပထမဆုံးကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပုဂံမြို့၌ လေးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။
“ပထမဆုံး အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများရဲ့ သီးသန့်အစည်းအဝေးကို ဘာကြောင့်ကျင်းပရလဲဆိုတော့ ပြီးခဲ့တဲ့ အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည် ဖော်ဖို့ရယ်၊ အာဆီယံအနေနဲ့ တစ်နှစ်လုံးမှာ ဆောင်ရွက်မယ့် အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် စဉ်းစားနိုင်အောင်ဆိုပြီး အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများရဲ့ သီးသန့်အစည်းအဝေးကို စတင်ကျင်းပရတာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။

ယင်းကဲ့သို့ ပထမဆုံး ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ASEAN Foreign Minister's Meeting Retreat, AMM(Retreat) ပြုလုပ်ရာတွင် သတင်းရယူကြမည့် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် နိုင်ငံခြား သတင်းထောက်များအသင်း အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်သို့လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်သို့ လည်းကောင်း ဆက်သွယ်၍ အမည်စာရင်း ပေးပို့ကြရမည်ဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးရဲ့ သီးသန့်အစည်းအဝေးကို များသောအားဖြင့် resort တွေ၊ ပင်လယ်ကမ်းခြေနေရာတို့ ယဉ်ကျေးမှုထွန်းကားတဲ့ နေရာတွေမှာ ကျင်းပလေ့ရှိပါတယ်။ ဥပမာ ကမ္ဘောဒီးယား မှာဆိုရင် ဆီရမ်ရိမှာ ကျင်းပခဲ့တာ ရှိပါတယ်။ အင်ဒိုနီးရှားဆိုရင် ဘာလီကျွန်းမှာ ကျင်းပခဲ့တာ ရှိပါတယ်” ဟုလည်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါစရီဘီဂါဝမ်တွင် ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment