
မျိုးဗီဇ သိပ္ပံပညာရပ်ဆိုင်ရာ နည်းလမ်းများကို အသုံးပြုပြီး လူ့သက်တမ်းကို
နှစ်ပေါင်း (၅၀၀) မျှလောက်ထိ ဆွဲဆန့်နိုင်ရန် သုတေသီများက
မျှော်လင့်နေကြောင်း သိရှိရသည်။ ဓာတ်ခွဲခန်းထဲတွင် ပိုးသန်ကောင်
တစ်မျိုးဖြစ်သည့် Caenorhabditis elegansများဖြင့် စမ်းသပ်ခဲ့ပြီးနောက်
ယင်းတို့၏ သက်တမ်းရှည်ကြာမှု မျိုးဗီဇကို အစဆွဲထုတ်နိုင်မည့်
နည်းလမ်းမျိုးကို အစပြု ရှာဖွေလာခဲ့သည်။ ယင်းသတ္တဝါများ၏ သက်တမ်း သည်
လူသားများ ရှင်သန်နေထိုင်မှု အချိန်နှင့် အချိုးချကြည့်ပါက
နှစ်ပေါင်း(၄၀၀)မှ (၅၀၀)မျှထိ ကြာမြင့် သည့် အခြေအနေ ရှိနေသည်။
သုတေသီများသည် ယင်း ပိုးသန်ကောင်များထံမှ မျိုးဗီဇ လမ်းကြောင်း နှစ်ခုကို
ခွဲထုတ်ယူပြီး အိုမင်းမှုကို တွန်းလှန်နိုင်မည့် အလားအလာများကို စတင်၍
သုတေသန ပြုနေကြသည်။
ထိုမှတစ်ဆင့် အဆိုပါ မျိုးဗီဇ သက်ရောက်မှုကို ကြွက်များတွင်
ထိုးနှံစမ်းသပ်ရန် ခြေလှမ်းစတင်မည် ဖြစ်သည်။ ပညာရှင်များက မျိုးဗီဇ
တုံ့ပြန်ရောစပ်မှုများသည် အိုမင်းမှုကို တိုက်ဖျက်ပြီး အသက်ရှည်ရှည်
ရှင်သန်နေထိုင်မှုအတွက် အလားအလာကောင်းကို မြင့်မားလာစေလိမ့်မည်ဟု
သုံးသပ်ထားသည်။ "မျိုးဗီဇ ကွဲပြားမှုတွေကို ပေါင်းစပ်နိုင်တဲ့ နည်းလမ်းမျိုး
တကယ်သာ အထမြောက်လာရင် လူ့ သက်တမ်းကို (၅)ဆလောက် မြှင့်တင်နိုင်မယ်လို့
ကျွန်တော်တို့ ယုံကြည်တယ်"ဟု အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ
နိုဗာတိုမှ ဘာ့ခ်သုတေသနစင်တာ လူ့သက်တမ်း လေ့လာရေးဌာနမှ သုတေသီ ဒေါက်တာ
ပန်ကာ့ဂ်ျကာ ပါဟီက ပြောကြားခဲ့သည်။
လတ်တလောတွင် မျိုးဗီဇနှစ်ခု ပေါင်းစပ်မှု သုတေသန ရလဒ်သည် အပေါင်းလက္ခဏာဘက်
ဦးတည် နေကြောင်း သိရသည်။ "ခုချိန်မှာ ဒီပိုးသန်ကောင်တွေဟာ လူ့သက်တမ်းနဲ့
နှိုင်းယှဉ်ကြည့်ရင် နှစ်ပေါင်း(၄၀၀)၊ (၅၀၀)စာလောက်ထိ အသက်ရှင်နိုင်စွမ်း
ရှိနေပြီ"ဟု ဒေါက်တာ ကာပါဟီက မှတ် ချက်ပြုခဲ့သည်။ ပညာရှင်များသည် အဆိုပါ
ပေါင်းစပ်မှုကို အသေးစိတ် ဆက်လက်လေ့ လာနေ ဆဲဖြစ်ပြီး ထိုမှတစ်ဆင့် တက်ကာ
ကြွက်များဖြင့် စမ်းသပ်နိုင်ရန်လည်း ရည်ရွယ်ထားသည်။ ယခု သုတေသန လုပ်ဆောင်မှု
အသေး စိတ်ကို Cell Reports ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ မျိုးဗီဇ
ပေါင်းစပ်မှု နည်းလမ်းများဖြင့် ရှင်သန်မှု သက်တမ်းကို (၁၃၀)ရာခိုင်နှုန်း
မြှင့်တင်နိုင်မည်ဟု ပညာရှင် များက ကနဦး ယူဆထားပြီး ထို့ထက်ပိုမို၍
ကောင်းမွန်သည့် ရလဒ်မျိုးထိ ဦးတည်နိုင်မည် ဟု လည်း ယုံကြည်ထားသည်။
By Planet
0 comments:
Post a Comment