Monday, December 23, 2013

ဟောင်ကောင်တွင် အိမ်အကူ သွားလုပ်ရန် အမျိုးသမီး ၂၀၀ ကျော် ခွင့်ပြုချက်တောင်း

အိမ်အကူ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်ခွင့် ပြုထားသည့် ဟောင်ကောင်တွင် အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုချက် (Demand) တောင်းခံထားသူ အမျိုးသမီး ၂၀၀ ကျော် ရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
အဆိုပါ အမျိုးသမီး အိမ်အကူ ၂၀၀ ကျော်၏ ခွင့်ပြုချက် တောင်းခံ ထားခြင်းကို စစ်ဆေးနေဆဲ ဖြစ်ပြီး မည်သည့် အချိန်တွင် ခွင့်ပြုချက် ပေးသွားမည်ကို အသေအချာ ပြောဆို၍ မရသေးကြောင်း ၎င်းက ဆိုသည်။

ဟောင်ကောင်သို့ အမျိုးသမီးအိမ် အကူပို့ဆောင်ရန် တရားဝင် လိုင်စင်ရပည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အားလုံးကို ပို့ဆောင်ခွင့် ပြုထားသော်လည်း အမျိုးသမီး အိမ်အကူ ပို့ဆောင်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အေဂျင်စီများကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောဆိုသည်။

အဆိုပါ အိမ်အကူ အလုပ်အကိုင်အတွက် လစာအဖြစ် ဟောင်ကောင်ဒေါ်လာ ၄၀၁၀ (မြန်မာငွေ ကျပ်ငါး သိန်းခန့်) ရရှိမည် ဖြစ်ပြီး ဝန်ဆောင်ခကို လစာထဲမှ အရစ်ကျ ပြန်ဖြတ်မည် ဖြစ်ကြောင်း ဟောင်ကောင် သို့ အလုပ်သမား ပို့ဆောင်ခွင့် ရရှိထားသော Gold Mine International Co.,Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သို့သော်လည်း ဝန်ဆောင်ခ နှုန်းထား မည်မျှကျသင့် မည်ကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။

မြန်မာ အမျိုးသမီး အိမ်အကူများကို စင်ကာပူနိုင်ငံသို့ ယခုနှစ်တွင် တရားဝင် စေလွှတ်ခွင့်ပြုထားပြီး ဟောင်ကောင်မှာ ဒုတိယ စေလွှတ်ခွင့်ပြုသည့် နိုင်ငံဖြစ်လာသည်။

မြန်မာအမျိုးသမီးများကို ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် ခေါ်ယူခွင့်ကို ဟောင်ကောင် အေဂျင်စီ တစ်ခုဖြစ်သည့် Golden Mind Employment Agency က ရရှိထားပြီး ယင်းအေဂျင်စီက ပထမ အသုတ်အဖြစ် အိမ်အကူ ၂၀၀ ခွင့်ပြုချက် ရထားသည့်အနက် လာမည့်လတွင် အိမ်အကူ ၆၀ ကျော်ကို ခေါ်ယူမည် ဖြစ်ကြောင်း Golden Mind Employment Agency တွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် ဖိလစ်ပိုင် အိမ်အကူများ ပြတ်လပ်လာခြင်း များကြောင့် မြန်မာအိမ်အကူများကို ခေါ်ယူလာခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ နှုန်းများနှင့် တရားမဝင် ပြည်ပတွင် သွားရောက် လုပ်ကိုင်ခြင်း များကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ဟောင်ကောင်တွင် အိမ်အကူများကို အကာအကွယ် ပေးသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ရှိသဖြင့် အိမ်အကူများအတွက် စိတ်ချရနိုင်ကြောင်း ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက South China Morning Post တွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံက အိမ်အကူများကို တရားဝင် စေလွှတ်ခွင့် မပြုခင် ကတည်းကပင် ဟောင်ကောင်တွင် မြန်မာအိမ်အကူ ၄၃ ဦး ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

The Voice Weekly

0 comments:

Post a Comment