ကချင်ပြည်နယ်၊
မန်စီမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ကေအိုင်အေ
လက်နက်ကိုင် အဖွဲ့အစည်းက လူ ၅၁ ဦးကို ဖမ်းဆီးသွားပြီး ယနေ့အထိ
ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့်
ဒေသခံကျေးရွာများက ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။
ဖမ်းဆီးခေါ်ဆောင်
မှုများကို ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၁၃ ရက်နေ့များတွင် မန်စီမြို့နယ်
အတွင်းရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင်၊ ဟန်ထ
က် ကျေးရွာအနီးရှိ ခပရာ ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ လူ ၅၁ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ခေါ်ဆောင်သွားရာတွင် အသက် ၁၈ နှစ်အောက် လူငယ် ၁၃ ဦး၊ ၅၅ နှစ်အရွယ်
လူကြီးတစ်ဦး ပါဝင်ကြောင်း သိရသည်။ ဗန်းမော်ခရိုင် အုပ်ချုပ်ရေး အရာရှိ
တစ်ဦးက ''အခြားနေရာ တွေမှာလည်း ဖမ်းတာတွေ ရှိပေမယ့် စာရင်းကောက်လို့
မရနိုင်ဘူး ဖြစ်နေတယ်။ ၅၁ ဦးမှာ ကချင်လူမျိုးက လေးဦးပါပြီး ကျန်တဲ့ ၄၇
ဦးက ရှမ်းတွေလို့ စာရင်းရပါတယ်။
မန်ဝိန်းလေး၊ ဟန်ထက်နားမှာ
ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နောက်ဆုံးဖြစ်ခဲ့တာပါ။ ကျေးရွာတွေ အများစုက ဆက်ကြေး
ပေးရတယ်ဆိုတာ သတင်းပဲရတယ်'' ဟု ဒီဇင်ဘာ ၁၆ ရက်ညနေက ပြောကြားသည်။
အစိုးရဌာနသို့ ရောက်ရှိနေသော စာရင်းများအရ မန်စီမြို့နယ်
ကုန်းတိန်ကျေးရွာမှ ၁၇ သိန်း၊ မန်ဝိန်းလေး ကျေးရွာမှ ၁၀ သိန်း၊
ဟန်ထက်ကျေးရွာမှ ၂၅ သိန်း၊ ဂွေ့ကြီး ကျေးရွာမှ ၁၅ သိန်း၊
မန်မကောက်ကျေးရွာမှ ၁၅ သိန်း၊ သစ်ဆုံးကျေးရွာမှ ခုနစ်သိန်း ကေအိုင်အေ
လက်နက်ကိုင် အဖွဲ့သို့ ပေးသွင်းရန် အကြောင်းကြားထားပြီး
နောက်ဆုံးပေးရမည့်ရက် သတ်မှတ်ခြင်း၊ ပေးသွင်းခြင်း မပြုလုပ်ရသေးကြောင်း
အစိုးရရုံးမှ သိရသည်။
ကချင်ပြည်နယ် အစိုးရ အရာရှိ တစ်ဦးက
''လူဆွဲတာက မန်စီတစ်ဝိုက်မှာတင် မဟုတ်ပါဘူး။ ဒီလထဲမှာပဲ
ဝိုင်းမော်နောင်စီပေါမှာ လေးဦးဆွဲတယ်။ တနိုင်းပယင်းမော်မှာ ဆွဲတယ်။
ပယင်းမှော်ကတော့ ကေအိုင်အေ နယ်မြေဖြစ်လို့ သတင်းမပြည့်စုံဘူး'' ဟုဆိုသည်။
ပယင်းမှော်မှ ရောင်းဝယ်သူ တစ်ဦးက ''ပယင်းမှော်မှာတော့ ကချင်နဲ့
ရ၀မ်ဆွဲတာပါ။ ရှမ်း၊ ဗမာ၊ ရခိုင်၊ လီဆူ မပါဘူး၊၊ မိုးကုတ်က လီဆူတွေကတော့
ကားအစင်းပြတ်ငှားပြီး မိုးကုတ်ဘက်ကို ပြေးကြတာ တွေ့တယ်'' ဟု ပြောကြားသည်။
ယင်းသို့ အခြေအနေများကို ကေအိုင်အို ဗဟိုသို့ အကြိမ်ကြိမ် ဆက်သွယ်
မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ ကေအိုင်အို နည်းပညာ
အကြံပေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက
''ဒီကိစ္စကို ကေအိုင်အို ဗဟိုကို အကြိမ်ကြိမ် မေးမြန်းပေမယ့် မဟုတ်ဘူးလို့
အကြောင်းပြန်တယ်။ ကေအိုင်အေ တပ်မဟာ (၃) ကိုမေး တာလည်း မဟုတ်ဘူးလို့ဘဲ
အကြောင်းပြန်နေတယ်။ ရှမ်းရေးရာ အဖွဲ့ရဲ့ စာကတော့ ရုံးကိုရောက်လာပါတယ်။
ကြားထဲကနေ ဘာဖြေရမှန်း မမှန်းတတ်အောင် ဖြစ်နေတယ်'' ဟု ဒီဇင်ဘာ ၁၆ ရက်
ညနေပိုင်းက ဆိုသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက်
ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစိုင်းထင်လင်းက ''အခုလောလောဆယ်တော့
ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်
နေပါတယ်။ နည်းပညာ အကြံပေးအဖွဲ့ကနေ ကေအိုင်အေကိုလည်း စာပို့ထားပါပြီ။
ဖမ်းခေါ်သွားတာက တစ်ဦးတည်းသော သားတွေပါတယ်။ ကလေးတစ်ယောက်နဲ့ မိသားစုရှိတဲ့
လူတွေပါတယ်။ ကချင်ပြည်နယ် အစိုးရကတော့ ဘာမှမလုပ်ပေးနိုင်လို့ ဘာစာရင်းမှ
မပို့ဘူး။ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုသွားဖို့ သေချာပါတယ်။ ရက်ကတော့
မသတ်မှတ်ရသေးဘူး'' ဟု ပြောကြားသည်။
မန်စီမြို့နယ်မှ
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကြိုင်က ယင်းသို့ လူဆွဲခေါ်မှုများ၊ ဆက်ကြေး
ကောက်နေသည်ကို သတင်းကြားထားပြီး အချက်အလက် ပြည့်စုံအောင် မသိရသောကြောင့်
ဒီဇင်ဘာ ၁၆ ရက်မှ စတင်နေသော ကချင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းရန်
မရှိကြောင်း၊ သီးခြားသာ တင်ပြသွားရန် ရှိကြောင်း ဖြေကြားသည်။
Daily Eleven
0 comments:
Post a Comment