မြန်မာနိုင်ငံက ကျေးလက် ဒေသတွေမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် လူထုအခြေပြု ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကို ဒေါ်လာ ၁၂ သန်း ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မန္တလေးနဲ့ မကွေး အပူပိုင်းဇုံ ဒေသတဝိုက်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေက ကျေးရွာအုပ်စု ၁၀၀ လောက်မှာ လူ ၇ သိန်းကို ဝင်ငွေတိုးအောင် ဆောင်ရွက်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ ဒေသခံတွေ တိုက်ရိုက်အကျိုးခံစားရဖို့အတွက် ဖွံ့ဖြိုးရေး စီမံကိန်းရဲ့ အလုပ်တွေမှာ သူတို့ကို အခကြေးငွေပေးပြီး ဝင်လုပ်နိုင်တဲ့ cash for work စနစ်ကို အခြေခံပြီး ဆောင်ရွက်မှာ ဖြစ်ကြောင်း မနီလာမြို့မှာ အခြေစိုက်တဲ့ အေဒီဘီရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ အကြီးတန်း အရာရှိ မစ္စတာ Pavit Ramachandra က ဘီဘီစီ ကို ပြောပါတယ်။
အေဒီဘီ အနေနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု အများဆုံး ဖြစ်နေတဲ့ ကျေးလက် ဒေသတွေကို ဦးစားပေး ကူညီဖို့ ဆုံးဖြတ်တာ ဖြစ်ကြောင်းနဲ့ ကျေးလက်ဒေသ စိုက်ပျိုးရေး လုပ်ငန်းတွေ ကနေ မြန်မာနိုင်ငံ စီးပွားရေးရဲ့ သုံးပုံတပုံလောက် ဝင်ငွေရနေပေမယ့် လူထုမှာ ကြွေးမြီပြသနာ ကြီးကြီးမားမား ရှိနေတဲ့အကြောင်းကို သူက ရှင်းပြပါတယ်။
ဒါပေမယ့် အေဒီဘီရဲ့ အကူအညီ ဒေါ်လာ ၁၂ သန်း ဆိုတာဟာ လေးနှစ် အတွက် အသုံးပြုဖို့ ဖြစ်ပြီး လူ ၇ သိန်းအတွက် ရည်ရွယ်တာ ဆိုတော့ တကယ်တမ်းမှာ လူတစ်ဦးအတွက် အကူအညီဟာ ဒေါ်လာ ၂၀ တောင် မပြည့်ပါဘူး။
အေဒီဘီ အရာရှိ မစ္စတာ ရာမာချန်ဒရာကတော့ လူဦးရေနဲ့ မကြည့်ဘဲ ကျေးရွာအုပ်စု တစ်ခုချင်းအနေနဲ့ ကြည့်ရင် တစ်နှစ်မှာ ဒေါ်လာ ၈ သောင်းကျော် အကူညီ ရမှာဖြစ်တဲ့အတွက် အကျိုးရှိအောင် သုံးမယ်ဆိုရင် နည်းတဲ့ ငွေမဟုတ်ဘူးလို့ ဆိုပါတယ်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒီလိုပုံစံနဲ့ အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိကြောင်း သူက ပြောပါတယ်။
ဒေသခံတွေ အကျိုးရှိဖို့ အတွက် သူတို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်းနဲ့ လက်တွေ့လုပ်ငန်း ဆောင်ရွက် တာကိုလည်း စောင့်ကြည့်တာ စာရင်းစစ်တာတွေ လုပ်သွားမယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့် အေဒီဘီရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ ပုံစံဟာ တော်တော်လေး အသစ်ပုံစံမျိုး ဖြစ်နေသေးတယ်လို့ သူက ဝန်ခံပါတယ်။
အဲဒီလို အသစ်ဖြစ်နေသေးပေမယ့် ငွေကြေးသုံးစွဲတဲ့ စနစ်၊ သဘာဝပတ်ဝန်းကျင် ကာကွယ်တဲ့စနစ်၊ တိုင်ကြားမှုတွေနဲ့ ဆိုင်တဲ့ စနစ်တွေကို ဟာကွက်မရှိအောင် အစိုးရ အဆင့်ဆင့်နဲ့ ပူးပေါင်းဆောင်ရွက် သွားမယ့်အကြောင်း သူက ထည့်သွင်း ပြောသွားပါတယ်။
ကျေးလက် ဒေသက ပြည်သူတချို့ကို မေးကြည့်တဲ့ အခါမှာတော့ သူတို့ ဘဝတွေ တိုးတက်လာဖို့အတွက် အရင်းအနှီး ရနိုင်ဖို့ လိုတယ်လို့ ပြောကြ ပါတယ်။
ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကို အေဒီဘီ ဘုတ်အဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြုခဲ့ပြီး မြန်မာအစိုးရနဲ့ တရားဝင် သဘော တူညီချက်ကို ဖေဖော်ဝါရီ လဆန်းမှာ လက်မှတ်ထိုးနိုင်ဖို့ အေဒီဘီ ဘက်က မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ ဒီစီမံကိန်းအတွက် ဒေါ်လာ ၂ သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ထောက်ပံ့မှာ ဖြစ်ပါ တယ်။
ရှေ့နှစ် ဒုတိယ သုံးလပတ်အတွင်းမှာ လုပ်ငန်းတွေ စတင် ဆောင်ရွက် နိုင်ဖို့ ပြင်ဆင် ထားတယ်လို့ အေဒီဘီ အရာရှိက ပြောပါတယ်။
စီမံကိန်း ကာလဟာ လေးနှစ် ဖြစ်ပေမယ့် ပြင်ဆင်မှု အပိုင်းတွေကို ဖယ်လိုက်ရင် သုံးနှစ်အတွင်း အကောင်အထည်ဖော်သွားမှာ ဖြစ်တဲ့ အကြောင်း အေဒီဘီ အရာရှိ Pavit Ramachandra က ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။
BBC Burmese
0 comments:
Post a Comment