
ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းတွင် တက်ရောက်ကုသနေသည့် ဝေဒနာရှင် များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာအပါအ၀င် အာဆီယံနိုင်ငံများ၌ ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုအခြေအနေကို သုတေသနပြုလုပ်လျက်ရှိသည်။
အဆိုပါ စီမံချက်အမည်မှာ "ASEAN COST IN ONCOLOGY PROJECT" ဖြစ်ပြီး အာဆီယံနိုင်ငံ များ အနက် စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံမှအပ အခြားအာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် စီမံချက်ကာလမှာ သုံးနှစ်ဖြစ်ကြောင်း သိရသည်။
သုတေသနပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာန၊ သွေးရောဂါဌာနနှင့် မေးရိုးခံတွင်းဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာန၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် (ရန်ကုန်)၊ တပ်မတော်ဆေးရုံကြီး ကင်ဆာရောဂါဌာနမှ ကင်ဆာဝေဒနာရှင်များ အပါ အ၀င်နှင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ဝေဒနာရှင်များကိုလည်း သုတေသနပြု လုပ် ထားကြောင်းနှင့် ယင်းစီမံချက်ကို လာမည့် ၂၀၁၄ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။
အဆိုပါ စီမံချက်လုပ်ဆောင်နေစဉ်အတွင်း ရရှိလာသည့် ကင်ဆာရောဂါဆိုင်ရာ သုတေသနတွေ့ ရှိချက်များကိုလည်း ဆေးသုတေသဦးစီးဌာန (အောက်မြန်မာပြည်)မှ ကျင်းပပြု လုပ်ခဲ့သည့် ကျန်းမာရေး သုတေသနဆိုင်ရာ ညီလာခံများတွင်လည်း ထည့်သွင်းပြသ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေလူဦးရေ တစ်သိန်းတွင် ကင်ဆာဖြစ်ပွားသူ ၁၅၀ ခန့်ရှိနေပြီး မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ လူဦးရေသုံးသန်းအထက်တွင် ရှိနေကြောင်း သိရသည်။
Eleven
0 comments:
Post a Comment