မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ ၆၉ လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ
Panasonic ဂိုဒေါင်တွင် အောက်တိုဘာ ၁ ရက်ညက ဖြစ်ပွားခဲ့သော
သုံးလောင်းပြိုင် လူသတ်မှုတွင် ကျူးလွန်သူ အသက် (၁၉)နှစ်အရွယ်
လူငယ်နှစ်ဦး အား ရှစ်ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၀န်းကျင်တွင် ကျူးလွန်သူ ယင်းကုမ္ပဏီ၏
ယာဉ်မောင်း အောင်ကျော်ဟိန်း (ခ)အောင်ကျော် အသက် (၁၉)နှစ်နှင့် ၎င်း၏
သူငယ်ချင်းဖြစ်သူ သောင်းစုဇင် အသက် (၂၀)နှစ် ၀န်းကျင်တို့က ကျူးလွန်သည်ဟု
ဝန်ခံပြောကြားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ကျူးလွန်သည့်
သက်သေခံပစ္စည်းများ ထားရှိရာ နေရာများကိုလည်း ပြသခဲ့သည်။
အခင်းမဖြစ်ပွားမီ ငါးရက်ခန့် အလိုကတည်းက ယာဉ်မောင်း
အောင်ကျော်ဟိန်း(ခ)အောင်ကျော်သည် ကုမ္ပဏီ၏ အပေါ်ထပ် မီးခံသေတ္တာထားရှိရာသို့
အကြောင်းမဲ့ ၀င်ထွက်မှု များပြားခြင်း၊အခင်းဖြစ်သည့် အောက်တိုဘာ ၂ ရက်က
ကုမ္ပဏီပိုင်ငွေကျပ် သိန်း ၂၀၀ ခန့်အား ဘဏ်သို့ပေးအပ်ရန် မော်တော် ယာဉ်ဖြင့်
သွားရောက်ရာတွင်လည်း သွားလာနေကျ မဟုတ်သည့် လမ်းမှမောင်းနှင်ခြင်း၊
အောက်တိုဘာ ၆ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့သို့ အကြောင်းမဲ့
သွားရောက်ကာ နေမကောင်းဟု အကြောင်းပြပြီး ခွင့်တိုင်ကြားခဲ့ခြင်းစသည့်
မသင်္ကာဖွယ်ရာ အချက်အလက်များ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ
သိရသည်။ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်၍ စုံစမ်းရာ
အခင်းဖြစ်ဂိုဒေါင်ခြံဝင်း၏ မြောက်ဘက် တစ်ကွက်ကျော်ရှိ Omega Alpha
ကုမ္ပဏီတွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရ အခင်းဖြစ် ပွားရာ အောက်တိုဘာ ၁
ရက် ည ၁၀ နာရီခန့်က လူနှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်နှင့်
ပုံသဏ္ဌာန်မှာ ကျူးလွန်သူနှစ်ဦးဖြစ်သော အောင်ကျော်ဟိန်းနှင့်
သောင်းစုဇင်တို့၏ ပုံသဏ္ဌာန်နှင့် ဆင်တူ ကြောင်း စစ်ဆေးတွေ့ရှိရပြီး၊
အခင်းဖြစ်ပွားရာ နေရာရှိ ခြေဗွေရာများကို စစ်ဆေးခြင်းအားဖြင့်လည်း
ဖိနပ်ရာမှာ သောင်းစုဇင်၏ ဖိနပ်ရာဟု ယူဆရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ
ယင်းကဲ့သို့ ၀န်ခံထွက် ဆိုခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီခွဲတွင် ကျူးလွန်သူနှစ်ဦးမှ
ယင်းဂိုဒေါင်သို့ လာရောက်ခဲ့ပြီး ကုမ္ပဏီ၏ ယာဉ်မောင်း အောင်ကျော်ဟိန်းမှ
လုံခြုံရေး ဦးတင်လှိုင်နှင့် စကားပြောခဲ့ပြီး သောင်းစုဇင်မှ ဦးတင်လှိုင်အား
ဆံပင်ဆွဲ၍ အင်္ဂတေကြမ်းပြင်နှင့် ဆောင့်ခဲ့ပြီး အုတ်ခဲကျိုးဖြင့် ထုခဲ့သည်။
ထို့နောက် ကားကြားထဲတွင် အိပ်နေသည့် ဦးဟန်သောင်းအား သောင်းစုဇင်က
အုတ်ခဲကျိုးဖြင့် ထပ်မံထု ရိုက်ခဲ့ပြီး အောင်ကျော်ဟိန်းမှ ဦးဟန်သောင်း၏
ပါးစပ်အတွင်းသို့ ကားသုတ်သည့် ပုဆိုးစုတ်ဖြင့် ထိုးသွင်းခဲ့ သည်။
ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေကြစဉ်အတွင်း ဒေါ်ခင်ခင်ဝင်းမှာ
အိပ်နေရာမှ ထလာသဖြင့် အောင်ကျော်ဟိန်းက ဆံပင်ဆွဲကာ
တိုင်ဖြင့်ရိုက်ဆောင့်ခဲ့သည်။ ထို့ပြင် ရိုက်ခံရသူသုံးဦးမှာ လှုပ်ရှားမှု
မရှိတော့သော်လည်း မသေမည်စိုးရိမ်သဖြင့် ၎င်းတို့နှစ်ဦးမှာ အသင့်ပါလာသော
ဆိုင်ကယ် တူးဘောက် အတွင်းမှ ဆေးထိုးအပ်များတွင် ကားတစ်စီးမှ အက်စစ်များကို
ထုတ်ယူ၍ ၎င်းတို့သုံးဦး၏ နှလုံးရှိရာ ၀ဲဘက်ရင်အုံအတွင်းသို့ ထိုးသွင်းခဲ့ပြီး
ကုမ္ပဏီအပေါ်ထပ် မီးခံသေတ္တာထားရှိရာ အခန်းအတွင်းသို့ ၀င်ရောက် ဖောက်ထွင်းရန်
ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၀န်ခံ ထွက်ဆိုခဲ့သည်။
ထို့ပြင် အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့် ဆေးထိုးအပ်၊ သွေးစွန်းနေသော
လက်အိတ်အဖြူ သုံးခု၊ ခရီးဆောင်အိတ် တစ်လုံး၊ ခွရှင်၊ ၀က်အူလှည့်နှင့်
အခြားပစ္စည်းများကို လွှင့်ပစ်ခဲ့ရာ နေရာများကိုလည်း လိုက်လံ ပြသခဲ့သည်။
''ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ကျူးလွန်သူ အောင်ကျော်ဟိန်းက အိမ်လခ ပေးရတော့
မှာရယ်၊ သူ့အမျိုးသမီး အဝေးသင်တက္ကသိုလ် တက်ဖို့ရယ်၊ ဆေးဆိုင်ဖွင့်ဖို့
အရင်းနီး မရှိတာကြောင့် ကြံမိကြံရာ ခုလိုပူးပေါင်း လုပ်ဆောင်တယ်လို့
ထွက်ဆိုထားပါတယ်။ အခင်းဖြစ်ပွားစဉ် နေရာမှာတွေ့ရတဲ့ သဲလွန်စရယ်
ကျူးလွန်သွားတဲ့ အနေအထားတွေဟာ ကျွမ်းကျင်မှုမရှိဘဲ လုပ်ထားတာတွေ၊ ဓာတ်သိဖြစ်
နိုင်တဲ့ ကွင်းဆက်တွေကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်'' ဟု
တိုင်းမှုခင်း အကူဌာနစု တာဝန်ခံ ရဲအုပ်ရဲမြင့်က ဖြစ်စဉ်နှင့်ပတ်သက်၍
ပြောကြားခဲ့သည်။
By Eleven
0 comments:
Post a Comment