Thursday, December 12, 2013

မန္တလေးတိုင်းရှိ ခုနစ်မြို့နယ် ရုပ်သံဖမ်းစက် ၄,၀၀၀ အခမဲ့ပေးမည်

ရုပ်သံဖမ်းစက်(Set Top Box) အလုံး ၄,၀၀၀ ကို မန္တလေးတိုင်း ခုနစ်မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ လူအိုရုံများ၊ မသန်စွမ်းကျောင်းများ၊ တက္ကသိုလ်ကော လိပ်များ၊ စာကြည့်တိုက်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ပေးအပ်သွားမည် ဟု တိုင်းပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်သန်းထွန်းက ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ပြန်ကြားရေးဝန်ကြီးဌာနကနေ စီစဉ် ဆောင်ရွက်တာပါ။ ကျွန်တော်တို့ဌာနက တိုင်းအစိုးရအစီအမံနဲ့ မြို့နယ်တွေ ကို ပြန်ပြီး ခွဲပေးတာပါ”ဟု ဦးကျော်သန်းထွန်းက ပြောသည်။

အခမဲ့ပေးသည့် Set Top Box များမှ MRTV၊ MITV၊ လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်း စသည့် ရုပ်သံလိုင်း ငါးလိုင်းကို လစဉ်ကြေး ပေးရန်မလို ဘဲ အခမဲ့ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။

ခွဲဝေပေးသော မြို့နယ်များမှာ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်တို့တွင် တစ်မြို့နယ်လျှင် စက်အလုံးရေ ၂၂၀ လုံးစီ ခွဲဝေ ပေးပြီး ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် စက်အလုံးရေ ၂၀၀ ခွဲဝေပေးမည်ဖြစ်သည်။

ထို့အပြင် စက်လုံးရေ ၁,၅၀၀ ကို E အဆင့်ရှိ အိမ်ထောင်စုများကို အခမဲ့ ပေးသွားမည်ဖြစ်သည်။

“လူနေမှု E အဆင့် သတ်မှတ်ဖို့ ရပ်ကွက်ကျေးရွာတွေကို ကျွန်တော်တို့ ဌာနရယ်၊ မြို့နယ်ထွေအုပ်ရယ်၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ စာရင်းကောက်ပြုစုပြီးမှ သတ်မှတ်တာပါ”ဟု ဦးကျော်သန်းထွန်း က ပြောသည်။

အိမ်ထောင်စု E အဆင့် သတ်မှတ်ရာတွင် မိသားစုဝင်ငွေ တစ်လ ကျပ် ၁၅၀,၀၀၀ အောက်နှင့် သစ်သား ၀ါးအိမ်ဖြင့် နေသူများကို စာရင်းကောက်ယူခဲ့သည်။ ထိုသို့ကောက်ယူရာတွင် ရုပ်သံဖမ်းယူနိုင်သော ဒေသနှင့် လူဦးရေကို အခြေခံ၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် E အဆင့်သတ်မှတ်ထား သော အိမ်ထောင်စု ၃၅ ရာခိုင်နှုန်း ရှိပြီး ရုပ်မြင်သံကြားစက် ပိုင်ဆိုင်သူ သုံးရာခိုင်နှုန်းသာရှိသည်ဟု မြို့ နယ် စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းများတွင် ဖော်ပြထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment