Wednesday, December 18, 2013

အမိမြေတွင် ရသည့် ရွှေတံဆိပ်ကို အခြားဆီးဂိမ်း ရွှေတံဆိပ် များထက် ပိုမိုနှစ်သက်ဟု မြန်မာ့ မြားပစ်မယ် အောင်ငှိမ်းဆို

ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် အမျိုးသမီး တစ်ဦးချင်း Compound အမျိုးအစား မြားပစ်ပြိုင်ပွဲတွင် ပြိုင်ဘက် အင်ဒိုနီးရှား မြားပစ်မယ်ကို အနိုင်ရရှိပြီး မြန်မာမြားပစ်အဖွဲ့အတွက် ပထမ ဆုံးရွှေတံဆိပ် ရယူပေးနိုင်ခဲ့သည့် အောင်ငှိမ်းက ယခု ဆီးဂိမ်းရွှေတံဆိပ်မှာ အခြားရွှေတံဆိပ်များ ရချိန်ကထက် ပိုပျော်မိကြောင်း ဗိုလ်လုပွဲအပြီးတွင် ဖွင့်ဟ ပြောကြားလိုက်သည်။

အောင်ငှိမ်းသည် ဗိုလ်လုပွဲတွင်အင်ဒိုနီးရှားမှ ၀ါရင့်မြားပစ်မယ် Dellie Threesyadinda ကို အနိုင်ရရှိပြီး ဆီးဂိမ်းလက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့်အပြင် မြန်မာ မြားပစ်အဖွဲ့အတွက်လည်း ပထမဆုံး ရွှေတံဆိပ်ကိုရယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ဆီးဂိမ်းရွှေတံဆိပ် အပေါ်ခံစားချက်နဲ့ ပက်သတ်၍ အောင်ငှိမ်းက“အရမ်းဝမ်းသာပါတယ်။ မျှော်တော့ မျှော်လင့်ပြီးသားပေါ့။ လက်တွေ့ တကယ်ရွှေတံဆိပ်ရ လာတော့ မျှော်လင့်ထားတာထက်ပိုပျော်ပါတယ်။ ကိုယ်နိုင်ငံကအိမ်ရှင်လုပ်တဲ့ ဆီးဂိမ်းမှာရွှေတံဆိပ်ရတာက အခြားပြိုင်ပွဲတွေမှ ရွှေတံဆိပ်ရတာထက် ပိုပျော်ပါတယ်” ဟုပြောသည်။

ဆက်လက်၍ အောင်ငှိမ်းကတစ်ဦးချင်း ပြိုင်ပွဲတွင်ရွှေတံဆိပ်ရရှိခဲ့ရာ၌ ကွာတားဖိုင်နယ် ပွဲစဉ်မှာ မိမိအတွက် အခက်ခဲဆုံး ဖြစ်ကြောင်းလည်းသုံးသပ်ခဲ့သည်။ ““အဓိက အခက်အခဲကတော့ ကွာတားဖိုင် နယ်မှာ စင်ကာပူက တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။သူနဲ့က ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုမှာတွေ့ဖူးပြီး ရှုံးခဲ့ဖူးတယ်ဆိုတော့ တော်တော်လေး သတိထားပြီးပြိုင်ခဲ့ရပါတယ်။ဆီးမီးဖိုင်နယ်နဲ့ ဖိုင်နယ်မှာတော့ အခက်အခဲသိပ်မရှိခဲ့ပါဘူး”ဟု ရွှေတံဆိပ်အတွက်ဖြတ်ကျော်ခဲ့ရသည့် အတားအဆီးများနှင့် ပတ်သက် ပြီး ပြောသည်။အောင်ငှိမ်းသည် ယခုဆီးဂိမ်းပြိုင်ပွဲအပြီးတွင် တစ်ဦးချင်းမှ ရွှေတံဆိပ်တစ်ခုအပြင်၊ ၂ ယောက်တွဲနှင့် အသင်းလိုက်မှ ကြေးတံဆိပ်များလည်း ထပ်မံရရှိခဲ့ပြီး ဆီးဂိမ်း အပြီးတွင် ကစားသမားဘ၀မှ အနားယူကာ နည်းပြအဖြစ်ဆက်လက် တာဝန်ယူမည်ဖြစ်ကြောင်းလည်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment