ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၇၊ ၈၊ ၁၃ ရက်များတွင် ဖမ်းဆီးခေါ်ဆောင် သွားသူများအနက် ၂၂ ဦး ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပြန်လည် လွတ်မြောက် လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့် ဒေသခံများက The Daily Eleven သို့ ဒီဇင်ဘာ ၁၈ ရက်က ပြောကြားသည်။
အစိုးရ စာရင်းအရ ဒီဇင်ဘာ ၇ ၊ ၈၊ ၁၃ ရက်တို့တွင် ပါတော်၊ ကုန်းခေါင်နှင့်
ဟန်ထက်ကျေးရွာအနီး ခပရာကျေးရွာတို့တွင် ဒေသခံ ၂၆ ဦးကို ကေအိုင်အေ
လက်နက်ကိုင် ဆောင်သူများက ဖမ်းခေါ် သွားခြင်းဖြစ်ပြီး ရှမ်းလူမျိုး ၂၂ ဦးကို
လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ကချင်တိုင်းရင်းသား လေး ဦးမှာ
ပြန်လည် လွတ်မြောက် လာခြင်း မရှိကြောင်း သိရသည်။
ဗန်းမော်ခရိုင် အုပ်ချုပ်ရေး အရာရှိတစ်ဦးက "မနေ့နေ့လည်က လွတ်လာတယ်လို့
သိရပါတယ်။ မန်ဖွမှာ ဆွဲသွားတဲ့ ၂၁ ဦးတော့ ပါမလာသေးပါဘူး။
ဘယ်လိုလွတ်လာတယ်ဆို စုံစမ်းနေဆဲပါ။ ဗန်းမော် လေးဦး၊ မန်စီ ၂၁ ဦး၊
ယခုအသုတ်ကျန် လေးဦးဆိုတော့ အားလုံး ၂၉ ဦး ကျန်နေပါသေးတယ်။ မန်စီ၊ ပါတော်၊
ဟန်ထက်ဝန်းကျင်ရွာတွေက လွတ်လာတာပေါ့" ဟု ဒီဇင်ဘာ ၁၈ ရက်က ပြောကြားသည်။
မန်စီမြို့နှင့် မံသာကျေးရွာမှ ဒေသခံများက "လွတ်လာတာ ဟုတ်ပါတယ်။
သစ်ကယ်ရီလုပ်တဲ့လူတွေ ပါသွားတာ။ နောင်ဟူးကျေးရွာက လူတွေလွတ်လာတာ တွေ့တယ်။
၁၅ ယောက်မှာ အချို့လွတ် လာတယ်။ ငွေပေးပြီး ရွေးလာတာလို့ သိရတယ်။
ဘယ်လောက်ဆိုတာ မေးလို့မရဘူး။ ရွာတွေမှာ ငွေကောက်နေ တာတော့ ဟုတ်ပါတယ်" ဟု
ပြောကြားသည်။
မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းရေးရာ အဖွဲ့မှ ဦးစန်းဝေက
"လွတ်လာတယ်လို့ မသိရသေးဘူး။ လူလွှတ်ပြီး စုံစမ်းနေပါတယ်။
ကျွန်တော်တို့အပေါ်မှာ ယခင်ကတည်းက ဆက်ကြေးကောက်၊ လူစုဆောင်းတွေ လုပ်ခဲ့တော့
ဆန္ဒဖော်ထုတ်တာကတော့ လုပ်သွားမှာပါ။ ဒီဇင်ဘာ ၂၀ ရက်မှာ လူအင်အား
လေးသောင်းနဲ့ ထုတ်ဖော်သွားဖို့ ရှိပါတယ်" ဟု ဒီဇင်ဘာ ၁၈ ရက်က
ဆက်သွယ်ပြောကြားသည်။
ယင်းကဲ့သို့ ကေအိုင်အေလက်နက်ကိုင် အဖွဲ့မှ လူစုဆောင်းခေါ်ယူနေမှုများကို
ကေအိုင်အိုဗဟိုသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ
ယခင်နေ့များတွင် ယင်းကိစ္စအား ကေအိုင်အို ဗဟိုနှင့် ကေအိုင်အိုကိုယ်စားပြု
နည်းပညာအကြံပေး အဖွဲ့ရုံးက အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။
Eleven
0 comments:
Post a Comment