Saturday, December 14, 2013

ပညာရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံနှင့် ပြည်သူကို လိမ်လည်လှည့်ဖြားနေသော အကျင့်ဟောင်းများ အပြီးတိုင် စွန့်လွှတ်ရန် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း အရေးပေါ် ကြေညာချက် ထုတ်ပြန်

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား အဆောင်နေထိုင်ခွင့် ပညာရေး ၀န်ကြီးဌာနက ပြန်လည် စီစဉ် ပေးခြင်းနှင့် စပ်လျဉ်း၍ တက္ကသိုလ် ဆရာ၊ ဆရာမ အသင်းများ၏ ဒီဇင်ဘာ ၁၃ ရက် နေ့စွဲဖြင့် အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြန်ရာတွင် တက္ကသိုလ် ခြောက်ခုမှ တာဝန်ရှိ ဆရာ၊ ဆရာမများ၏ သဘောတူညီမှုနှင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများ အသင်းမှ အတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောကြားသည်။
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)၊ စစ်တွေတက္ကသိုလ် စသည့်တက္ကသိုလ်များဖြင့် ဖွဲ့စည်းထားသည့် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်းများ၏ အချက်ကိုးချက် ပါဝင်သော အရေးပေါ် ထုတ်ပြန်ချက်တွင် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများအား အဆောင်နေထိုင်ခွင့် ပညာရေးဝန်ကြီး ဌာနက ပြန်လည်စီစဉ်ပေးခြင်းသည် ဆယ်စုနှစ် နှစ်ခုနီးပါးမျှ ကွယ်ပျောက် တိမ်မြုပ်နေသော တက္ကသိုလ်တစ်ခု၏ ကောင်းမြတ်သော ဂုဏ်ဒြပ်တစ်ခုကို ပြန်လည်ဖော်ထုတ်ခြင်း ဖြစ်သည့်အတွက် လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအား မိမိကိုယ်ကို ထိန်းသိမ်းနိုင်သော၊ လူမှုပေါင်းသင်း ဆက်ဆံရေး ကျင့်ဝတ်များကို ကိုယ်တိုင်တတ်မြောက် စေနိုင်သော၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် စေနိုင်သော၊ လူမှုကွန်ရက်များကို ထူထောင်ပေးနိုင်သော၊ ရင့်ကျက်သော လူတစ်ဦးအဖြစ် ဖန်တီးပုံဖော် ပေးနိုင်သော ၀န်းကျင်များကို ပြန်လည် ဖော်ထုတ်ပေးခြင်း ဖြစ်သည့်အတွက် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်းများမှ လှိုက်လှဲစွာ ကြိုဆိုကြောင်း ဖော်ပြထားသည်။
ထိုသို့ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ လက်ခံရာတွင် လိုအပ်သော အဆောက်အအုံများ၊ ပရိဘောဂများ၊ စီမံခန့်ခွဲရေး အစီအမံများ စသည်တို့ကို ပြည့်စုံအောင်ကြိုတင်ပြီး စနစ်တကျ စီစဉ်ဆောင် ရွက်ခဲ့ခြင်း မရှိဘဲ တက္ကသိုလ် စာသင်နှစ်အသစ် စတင်မည့် ရက်သတ္တတစ်ပတ်ခန့် အလိုခန့်မှ အလောတကြီး ပြင်ဆင်ဆောင်ရွက်ခြင်းသည် ပညာရေး ၀န်ကြီးဌာန အနေဖြင့် စေတနာ မှန်ကန်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လူမြင်ကောင်းရုံသက်သက် ဗန်းပြသဘော ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိုအပ်သော အဆောက်အအုံများ၊ ပရိဘောဂများ၊ စီမံခန့်ခွဲရေး အစီအမံများ စသည်တို့ကို ပြည့်စုံအောင် ကြိုတင်ပြီး စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ တက္ကသိုလ် စာသင်နှစ်အသစ် စတင်မည့် ရက်သတ္တတစ်ပတ်ခန့် အလိုခန့်မှ အလောတကြီး ပြင်ဆင်ဆောင်ရွက်ခြင်းသည် ပညာရေး ၀န်ကြီးဌာန အနေဖြင့် စေတနာမှန်ကန်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လူမြင်ကောင်းရုံသက်သက်...


ထို့ပြင် အချို့သော တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အတွက် ရည်ရွယ်ထားသော အဆောင်များ တည်ဆောက်ထားခြင်း မရှိသည့်အပြင် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ နေထိုင်ရန်ပင် ပြည့်စုံလုံလောက်စွာ ဆောက်လုပ်ပေးထားခြင်းမရှိ၊ ကျောင်းသား၊ ကျောင်းသူများ အဆောင်နေထိုင်ခွင့်ပြုရန် လက်ရှိနေထိုင်နေသည့် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအား ဖိအားပေးကာ အစားထိုး အမိုးအကာနှင့် နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း မရှိဘဲ အဆောင်များမှ နှင်ထုတ်လျက်ရှိနေရာ ထိုသို့ လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ခံ ပါမောက္ခချုပ်များက မျက်ကွယ်ပြုထားပြီး လုပ်ပိုင်ခွင့် အမိန့်အာဏာကို အလွဲသုံးစားပြုကာ စာနာထောက်ထားမှု ကင်းမဲ့စွာ လုပ်ဆောင်နေမှုမှာ လက်မခံနိုင်သော၊ အကျည်းတန်သော လုပ်ရပ်သာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
တက္ကသိုလ် ဆရာ၊ ဆရာမများအား ထိုသို့ နှင်ထုတ်နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ အာဏာပိုင် ပုဂ္ဂိုလ်များနှင့် ပါမောက္ခချုပ်များ၊ တာဝန်ခံ ပါမောက္ခချုပ်များ အနေဖြင့် လုံးချင်းအိမ်များ၊ အဆင့်မြင့် တိုက်ခန်းများတွင် ရေ၊ မီး စုံလင်စွာဖြင့် လိုလေသေးမရှိ အခွင့်အရေးများ ရရှိခံစား နေကြပါသော်လည်း သာမန်ရာထူး အဆင့်ရှိ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ အနေဖြင့် ၁၀ ပေပတ်လည် ၀န်းကျင်သာရှိသော အခန်းများတွင် ရှိသမျှ မိသားစု စုပြုံနေထိုင်နေရသည့် အခြေအနေကို တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် သိရှိပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထားပြီး ထိုသို့ ၁၀ ပေပတ်လည် အခန်းလေး၌ နေခွင့်ရသည်ကိုပင် ဆရာ၊ ဆရာမ များနှင့် ၀န်ထမ်းများက ကျောခင်းစရာ နေရာလေးတစ်ခု ရရှိသည်ကိုပင် ရှာကြံကျေးဇူးတင်နေပြီး ရရှိသော လစာနှင့် မိသားစု ဖူလုံလောက်ငအောင် မသေထမင်း၊ မသေဟင်း လောက်သာ အာဟာရမှီဝဲခွင့်ရရှိပြီး လစဉ်အလျဉ် မီအောင် ရုန်းကန်နေရသည့် အခြေအနေတွင် နေထိုင်နားခိုစရာ အဆောင်များကို ပြန်လည် ရုပ်သိမ်းလိုက်သောကြောင့် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ၏ စားဝတ်နေရေး အခြေအနေမှာ လွန်စွာ ဒုက္ခရောက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ယင်းအချက်များအပြင် ထိုသို့ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအား နေထိုင်ရာ အဆောင်များမှ နှင်ထုတ်ပြီး ကျောင်းသား၊ ကျောင်းသူဆောင်များ ဖော်ထုတ်ခြင်းသည် မှန်ကန်သော ဖြေရှင်းမှုတစ်ခုဟု လက်ခံယူဆနိုင်ခြင်း မရှိပါသဖြင့် ၀န်ကြီးဌာန၏ အစီအစဉ်ကို ရှုတ်ချကြောင်းနှင့် ဆရာ၊ ဆရာမများကို နှင်ထုတ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဆရာ၊ ဆရာမများ၏ နေရာထိုင်ခင်းများကို ရုပ်သိမ်းလိုက်ခြင်းသည် ဆရာနှင့် ကျောင်းသားကြား ဆက်ဆံရေးကို ပျက်ပြားအောင် ဖန်တီးနေသကဲ့သို့ ဖြစ်နေသည့်အတွက် ပညာရေး လောကအတွက် ရေရှည်တွင် ကောင်းကျိုးဖြစ်ထွန်း စေနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Eleven

0 comments:

Post a Comment