
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး
မြင့်စိုးက မီဒီယာများ၏ မေးမြန်းမှု ကို ဖြေကြား စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ မြစ်ကြီးနား မြို့၌ ပထမဆုံးအကြိမ်
တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲ
ပြီးဆုံးခဲ့ကာ ရလဒ် အနေဖြင့် အစိုးရ မျှော်လင့်ထားသလို အောင်မြင်မှုမရရှိဘဲ
ပြီးဆုံးခဲ့သည်။
သို့သော် မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့မှာပင် တိုင်းရင်းသား
လက်နက်ကိုင် ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့အကြား
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အချေအတင်
ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
အထူးသဖြင့် အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရန် တိုင်းရင်းသား
လက်နက်ကိုင်များကို တောင်းဆိုခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များဘက်ကမူ
နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အာမခံချက် ရှိသော ကတိက၀တ်များနှင့်
အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီ ကြိုတင် သဘောတူညီချက်များ ပေးနိုင်၊
မပေးနိုင် အစရှိသည်တို့ကို အဓိကထား မေးမြန်းခဲ့ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မြစ်ကြီးနားဆွေးနွေးပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၅ ရက်က ကျင်းပစဉ်
မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များကိုယ်စား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ
ဘုံသဘောတူညီချက်ကို အစိုးရအဖွဲ့သို့ ပေးအပ်ရန်နှင့် ရှင်းလင်းတင်ပြရန်ကိုသာ
ရည်ရွယ်ခဲ့ပြီး အစိုးရဘက်ကမူ အပစ်အခတ် ရပ်စဲရေးအတွက် အကြိုညှိနှိုင်း
ဆွေးနွေးပွဲအဖြစ် သတ်မှတ်ခဲ့သည်။
ဆွေးနွေးပွဲ ပထမနေ့တွင် လိုင်ဇာ ဘုံသဘာတူညီချက် ၁၁ ချက်အနက် ကိုးချက်ကို
သဘောတူကြောင်းနှင့် 'ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး' ဆိုင်ရာကိစ္စနှင့်
အခြားအချက်နှစ်ချက်ကို သဘောထားကွဲကြောင်း ပြောကြားသည်။ ထို့နောက်
ညနေပိုင်းတွင် အစိုးရအဖွဲ့က အသစ်ရေးဆွဲထားသော ' ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအကြား
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်
(မူကြမ်း)' ကို ပြန်လည်တင်ပြလာသည့် အချိန်မှစ၍ တိုင်းရင်းသား
လက်နက်ကိုင်များနှင့် အစိုးရအဖွဲ့အကြား အပြန်အလှန်
ပြောဆိုမှုများရှိခဲ့ပြီး ဒုတိယနေ့တွင် ဆက်လက် ဆွေးနွေးခဲ့သော်လည်း တိကျသော
အဖြေထွက်ပေါ်ခဲ့ခြင်းမရှိဘဲ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့ဆွေးနွေးပွဲက နှစ်ဖက် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့
ကျွန်တော်တို့ဆီကပေးတဲ့ မူဘောင်ရှိတယ်။ အခန်း ၁၅ ခန်းပါတဲ့ဟာပေါ့။ အဲဒါရယ်။
နောက်သူတို့ဆီက မနေ့ကပေးတဲ့ ၁၁ ချက်မူပေါ့။ အဲဒီနှစ်ခုကို သူတို့
ထပ်ပြီးတော့မှ သူတို့ဆွေးနွေးမယ်။ ဆွေးနွေးပြီးမှ နောက်ဒီဇင်ဘာမှာ
ထပ်ပြီးတော့ ကျွန်တော်တို့တွေ့မယ်"ဟု ဒုတိယနေ့ ဆွေးနွေးပွဲအပြီးတွင်
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက
ပြောကြားသည်။
မြစ်ကြီးနား ဆွေးနွေးပွဲအပြီး နှစ်ဖက်ကိုယ်စားလှယ်များ တက်ရောက်သော ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များကလည်း ဆွေးနွေးပွဲအပြီး တိတ်တဆိတ်ပြန်လည် ထွက်ခွာသွားကာ အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင်များကလည်း အကျယ်တ၀င့် ပြောကြားခဲ့ခြင်း မရှိပေ . . . |
ထို့အပြင် သမ္မတဦးသိန်းစိန် မျှော်မှန်းထားသော တစ်နိုင်ငံလုံး
အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် နိုဝင်ဘာလအတွင်း
လက်မှတ်ရေးထိုးရန်မှာ မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
"ရလဒ်ကတော့ မနေ့ကတုန်းက ကျွန်တော်ပြောသလိုပေါ့။ အခုက အပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးတဲ့ အဆင့်တော့ မရောက်သေးဘူး။ သို့သော်လည်း အဲဒီအဆင့်အထိ
သွားဖို့ကို အခုအခြေခံ ရသွားတာပေါ့။ နောက် သူတို့ဆွေးနွေးပြီးတဲ့အခါ
ဘားအံမှာကျတော့ ဒီထက်ပိုပြီးတော့ ထင်သာမြင်သာ တိုးတက်တဲ့ ရလဒ်တော့ရမယ်။
အဲဒီအချိန်မှာလည်း လက်မှတ်ထိုးနိုင်မယ်၊ မထိုးနိုင်ဘူးဆိုတာ အဲဒီအပေါ်မှာ
မူတည်မှာပဲ"ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကဆိုသည်။
မြစ်ကြီးနား ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင်
အချက်ခြောက်ချက်ပါဝင်ခဲ့ပြီး အချက်အမှတ်(၄) တွင် နှစ်ဖက်တွေ့ဆုံမှု၌
နိုင်ငံရေး သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် (က)တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ (ခ) နိုင်ငံရေး
တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များ၊ (ဂ) နိုင်ငံရေး ဆွေးနွေးပွဲများ
ကျင်းပခြင်း အစရှိသည်တို့ကို ဆောင်ရွက်ရမည်ဟု သဘောတူညီကြောင်း
ဖော်ပြခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့တွင်
ပြန်လည်တွေ့ဆုံရန် သဘောတူညီကြောင်းနှင့် မြစ်ကြီးနား ဆွေးနွေးပွဲအတွင်း
ပူးပေါင်းဆောင်ရွက်မှုများ အပေါ် နှစ်ဖက် ကိုယ်စားလှယ်များက ကျေနပ်အားရမှု
ရှိကြောင်း၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပနိုင်ရန်
နှစ်ဖက်အဖွဲ့အစည်းများက သဘောတူညီကြောင်း ပူးတွဲထုတ်ပြန်ချက် တွင်
ရေးသားခဲ့သည်။
မြစ်ကြီးနားဆွေးနွေးပွဲအပြီး နှစ်ဖက်ကိုယ်စားလှယ်များ တက်ရောက်သော
ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ တိုင်းရင်းသား
လက်နက်ကိုင် ကိုယ်စားလှယ်များက လည်း ဆွေးနွေးပွဲ အပြီး တိတ်တဆိတ်
ပြန်လည်ထွက်ခွာသွားကာ အစိုးရ ကိုယ်စားလှယ်ခေါင်းဆောင်များကလည်း အကျယ်တ၀င့်
ပြောကြားခဲ့ခြင်း မရှိပေ။
မြစ်ကြီးနား ဆွေးနွေးပွဲ၌ အဓိက အငြင်းပွားခဲ့သော အချက်တစ်ချက်မှာ
တိုင်းရင်းသား လက်နက်ကိုင်များ ရေးဆွဲ ထားသော ဘုံသဘောတူညီချက်များအနက်
ကိုးချက်ကို သဘောတူညီသည် ဆိုခြင်း ထက် လက်တွေ့တွင် အစိုးရ ရေးဆွဲထားသော
မူကြမ်းအတိုင်း လိုက်ပါဆောင်ရွက်ရန် သွယ်ဝိုက်သောအားဖြင့်
တိုက်တွန်းပြောဆိုမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့
တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ တိုင်းရင်းသားတစ်ဦးက ပြောကြားသည်။
ထို့အတူ လိုင်ဇာ ဘုံသဘောတူညီချက်တွင် ပါဝင်သည့် စစ်မှန်သော ဖက်ဒရယ်
ပြည်ထောင်စု တည်ထောင်ရေးနှင့် ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး
ကိစ္စရပ်၌လည်း နှစ်ဖက်ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
"သူတို့ တင်လာတဲ့ အချက် ၁၅ ချက်မှာ ကြီးကြီးမားမားရယ်လို့တော့
ငြင်းဆန်ပြီးတော့ ငြင်းပယ်ရမယ့် အချက်တော့မရှိဘူး။ အထားအသိုပဲ။
ရှေ့နဲ့နောက်နဲ့ အထားအသိုပဲ။ နောက်ပြီးတော့ တချို့ဝေါဟာရတွေပေါ့လေ။
ပြောရမယ်ဆိုလို့ရှိရင် နှစ်ဖက်စလုံးက ပြောရမှာက ဝေါဟာရနဲ့ ပတ်သက်ပြီး
ငြင်းလို့မကုန်အောင် ဖြစ်မယ်။ ဒါပေမဲ့ ဒီဝေါဟာရကို ကျွန်တော်တို့
နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ ဝေါဟာရဖြစ်အောင် ဆွေးနွေး
ညှိနှိုင်းသွားရမှာပဲ"ဟု တိုင်းရင်းသား လက်နက်ကိုင်များ၏ အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက
ပြောကြားသည်။
"လိုင်ဇာ သဘောတူညီချက်က တိုင်းရင်းသားတွေ အချင်းချင်းကြားမှာရတဲ့
သဘောတူညီချက်။ တိုင်းရင်းသားကြားမှာ ရတဲ့ဟာတွေဆိုတာတော့ ဖြုတ်တာ ပြင်တာတွေက
ညှိနှိုင်းရေးအဖွဲ့က လုပ်လို့မရဘူး။ ရပြီးသားဖြစ်တာကိုး လက်မှတ်တွေတောင်
ထိုးထားတာဆိုတော့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့နဲ့
နှစ်ဖက်လက်မှတ်ထိုးမယ့် သဘောတူညီချက်က တစ်မျိုးဖြစ်မှာပေါ့။
တိုင်းရင်းသားကြားမှာ ရတာကတစ်ခုပေါ့။ အဲဒီနှစ်ခုတော့ တစ်ထပ်တည်း
မဟုတ်ဘူးလေ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရတဲ့
ဟာကိုပဲ သိသာရန် ပေးပို့တာပေါ့။ သူတို့ သဘောတူပေးဖို့ရယ် မဟုတ်ပါဘူး။
ကျွန်တော်တို့ကြားမှာ ဒါရထားပါတယ်ဆိုတာမျိုး၊ သို့သော် နှစ်ဖက် သဘောတူဖို့
ကိစ္စကျတော့ ပြန်ညှိတာပေါ့"ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက
ဒုတိယနေ့ ဆွေးနွေးပွဲမပြီးမီ အချိန်တွင် ပြော ကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်များဘက်တွင်မူ အပစ်အခတ် ရပ်စဲရေး
လက်မှတ်ရေးထိုးရန် ရည်ရွယ်ချက် ဦးတည်မှုရှိကြောင်း ပဒိုကွယ်ထူးဝင်းက
ဆိုသည်။
"ကျွန်တော်တို့ အခုဖွဲ့လိုက်တဲ့အဖွဲ့က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို
လုပ်ဆောင်နိုင်ဖို့ ညှိနှိုင်းသွားမယ့် အဖွဲ့ဖြစ်တယ်။ အဲဒီအတွက်ကို
ဦးတည်တာပဲ။ နောက်ကို ပြန်လှည့်ဖို့ကတော့ လှည့်ချင်တဲ့သူရှိရင်
ရှိမှာပေါ့နော်။ ဒါပေမဲ့ ကိုယ့်တိုင်းပြည် အနေအထားအရ ကိုယ်သိတယ်လေ။
အချိန်သတ်မှတ်ချက်ကတော့ နှစ်ဖက်လုံး ညှိရမယ့် သဘောပဲ။ တစ်ဖက်က
သတ်မှတ်တဲ့အချိန် သတ်မှတ်ချက်ကို ကျွန်တော်တို့ အနေအထားကလည်း ရှိသေးတယ်လေ။
ကန့်သတ်မှု တချို့ရှိတယ်။ အချိန်ကာလတို့၊ သွားလာမှုတို့ ဆက်သွယ်မှုတို့
ကန့်သတ်မှုရှိတယ်။ အစိုးရဘက်မှာကတော့ စုစုစည်းစည်း နေပြည်တော်မှာ
စုလို့ရတယ်။ ရန်ကုန်မှာစုမယ်။ ကျွန်တော်တို့က မြောက်တစ်ဖွဲ့ ၊
တောင်တစ်ဖွဲ့နဲ့ဆိုတော့ အခက်အခဲတော့ရှိတာပေါ့"ဟု ပဒိုကွယ် ထူးဝင်းက
ပြောကြားသည်။
မြစ်ကြီးနား ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်
မစ္စတာနမ်ဘီးယားက ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို
ရှေ့ဆက်လုပ်ဆောင်သွားနိုင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များကို ကူညီပေးသွားမည်ဟု ဆွေးနွေးပွဲအပြီးတွင်
ပြောကြားသည်။
Eleven
0 comments:
Post a Comment