Monday, November 25, 2013

သင့် ကျန်းမာရေး (ခန္ဓာကိုယ် အတွက် လိုအပ်သော ဗီတာမင် အာဟာရ များ)


အသက် ရှည်ရာ အနာမဲ့ ကြောင်း အတွက် ကျန်းမာရေး ဆွေးနွေးပွဲ တွေမှာ အစားအစာ များမှ အာဟာရ သို့မဟုတ် ဗီတာမင် များ ပါဝင်တဲ့ အကြောင်း အရာနဲ့ ပတ်သက်ပြီး ဝိုင်း ဆွေးနွေး ကြတယ်။ ဗီတာမင် ဆိုတဲ့ ဒီ အသုံးအနှုန်း မစတင် ကတည်းက လူတို့ စားသုံး တဲ့ အစားအစာ တွေမှာ ပါပြီး သားပါ။ လူတွေ က အစားအစာ ကို ကောင်းသည် ထက် ကောင်းအောင် ချက်ပြုတ် ပြီး အထူးပြု အာဟာရ အဖြစ်နဲ့ စားသောက် လာကြ တာပါ။ ဒါကြောင့် အစာ လည်း ဆေး၊ ဆေးလည်း အစာ ဆိုသလို အစာထဲမှာ ဗီတာမင် ပါဝင်မှု ကို လေ့လာ သင့် ပါတယ်။ ရေမှာ ပျော်ဝင်တဲ့ ဗီတာ မင် က ဗီတာမင် ဘီ နဲ့ စီအုပ်စု တို့ ဖြစ်ပြီး အဆီမှာ ပျော်ဝင် တဲ့ ဗီတာမင် က အေ၊ ဒီ၊ အီးနဲ့ ကေ အမျိုးအစား တွေ ပါဝင်တယ်။

ဗီတာမင်အေ ကို အဓိက အားဖြင့် အမြင် အားဆေး (မျက်လုံး အားဆေး) အနေနဲ့ သိထား ကြတယ်။ အသည်း၊ ဥအနှစ်၊ မလိုင် ပြည့်နို့၊ ထောပတ် များ၊ ဒန့်သလွန် ရွက်၊ ကန် စွန်းရွက်၊ ဟင်းနုနယ် ရွက်၊ ကင်းပုံရွက်၊ သရက်သီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥ နဲ့ မုန်လာဥနီ တို့ ပါဝင်ကာ ရရှိ ဖော်ထုတ် ပြီး အာနိသင် အရ မျက်စိ အမြင်ဓာတ် ကို စူးရှ စေပါတယ်။

ဗီတာမင်အေ ချို့တဲ့ ရင် ညအခါ မျက်စိ မမြင်ခြင်း၊ မျက်ခမ်းစပ် ၍ မျက်စိ ကွယ်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ကလေးငယ် ဆယ်ကျော် သက်များ ဘယ်လက်ဖျံ နှင့် ညာဒူးထက် တွင် ကြာဆူးများ ပေါက်ခြင်း၊ နှလုံးရောဂါ နှင့် လေဖြတ် ခြင်း၊ ကြွက်သား များ ယိုယွင်း ပျက်စီးစေခြင်း၊ ရင်သား၊ အဆုတ်၊ အူမကြီး နဲ့ သားအိမ်တို့မှာ ကင်ဆာ ရောဂါ ဖြစ်ပွား တတ် ပါတယ်။

ဗီတာမင်ဘီ ဟာ အာရုံကြော ဓာတ်လို့ လူသိများ ပြီး ဆန်လုံးညို၊ ပဲပင်ပေါက်၊ ပဲမျိုးစုံ၊ ထမင်းရည်၊ အသားငါးများ၊ အခွံမာသီးများ နဲ့ အရွက်များ ဟာ ဗီတာမင် ဘီ ပေါကြွယ်ဝ ပါတယ်။ ဗီတာမင်ဘီ ချို့တဲ့ရင် သွေး အားနည်း ခြင်း၊ အရေပြားနာ နှင့် အာရုံ ကြော ထိခိုက်ခြင်း၊ မိခင် ဗီတာမင် ဘီချို့တဲ့ ပါက သန္ဓေသား မှာ ပုံမှန် ကလေး ထက် သိမှု ဥာဏ်စွမ်း နောက်ကျ ခြင်းတို့ ဖြစ်ပါတယ်။ ဗီတာမင် B1, B2, B6, B12 တို့ဟာ ထင်ရှားပြီး ဒိုင်ယာဆင် နဲ့ ဖောလစ် အက်စစ် လည်း အရေးပါ တဲ့ အခြေအနေ မှာ ရှိပါတယ်။

ဗီတာမင် စီ အပြည့်အဝ ပါတဲ့ အစားအစာ တွေက ဆီးဖြူသီး၊ ခရမ်း ချဉ်သီး၊ ဖန်ခါးသီး၊ သံပရာသီး၊ စတော် ဘယ်ရီသီး၊ ငရုတ်ကောင်း၊ ဂေါ်ဖီစိမ်း၊ ဖန်ခါးသီး၊ သံပရာသီး၊ စတော် ဘယ်ရီသီး၊ ဆီးဖြူသီး မှာ ဗီတာမင်စီ ပါဝင်မှု အများဆုံး ဖြစ် ပါတယ်။ နေ ရောင်ခြည် မှာ ဗီတာမင်ဒီ အပြည့်အဝ ပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီ အပြည့်အဝ ပါတဲ့ အစာတွေ မှာ အရိုးပါ ငါးကလေး များ၊ အသည်း၊ ဥအနှစ်၊ အဆီပါ တဲ့ ငါးများ၊ နို့ အမျိုးမျိုး တို့ ပါဝင်ကာ ရရှိ ဖော်ထုတ် ပြီး အာနိသင် များ မှာ အရိုး ဖွဲ့စည်းမှု ပုံ မမှန်ခြင်း ကို ကာကွယ် တယ်။ အရိုး ခိုင်ခံ့ စေတယ်။ ဖြစ်နိုင်ခြေ အာနိသင် မှာ အရိုးနှင့် ယှဉ်သော ရောဂါများ ကို ကာကွယ် နိုင်တယ်။ အရိုး ပွခြင်း နဲ့ ကျောက်ကပ် ရောဂါ ကာကွယ် နိုင်တယ်။

ဗီတာမင် အီး မှ အပြည့်အဝ ပါတဲ့ အစာတွေ ကို အခွံမာ သီးများ၊ ကောက်နှံစေ့၊ နေကြာစေ့၊ ဝါစေ့၊ အစေ့အဆန်များ၊ ငါးကြီးဆီ၊ ဟင်းသီး ဟင်းရွက် များဖြစ်ကာ ရရှိ ဖော်ထုတ်ပြီး အာနိသင် များမှာ လမစေ့ မီ မွေးဖွား ကလေးများ၊ မျက်လုံး ဖွဲ့စည်းမှု မူ မမှန်ခြင်း၊ သွေးအား နည်းခြင်း ကို ကာကွယ် ပေးပါတယ်။ ဖြစ်နိုင်ခြေ အာနိသင် များမှာ နှလုံးရောဂါ ကြောင့် ဖြစ်တဲ့ ရင်ဘတ် အောင့်ခြင်း၊ နှလုံး ရောဂါ ဖြစ်ခြင်း ကို လျော့နည်း စေပါတယ်။ ကြွက်သား ယိုယွင်းမှု ကို ကာကွယ် တယ်။ ကိုယ်တွင်း အင်္ဂါ များ မှာ အကျိတ် ဖွဲ့စည်းခြင်း ဖြစ်ပေါ် စေတဲ့ ကျောရိုး အာရုံ ကြောမကြီး ထိခိုက် စေခြင်း ကို ကာကွယ် စေပါတယ်။

ဗီတာမင်ကေ တွင် အစာ အာဟာရ အနေဖြင့် ပြောင်းဖူး၊ ပဲပုပ်စေ့၊ ပဲပုပ် အဆီ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကောက်နှံ များ၊ အသည်း အမျိုးမျိုး၊ အသား အမျိုးမျိုး၊ နို့နဲ့ နို့ ထွက် ပစ္စည်း များ ပါဝင်ပြီး အာနိသင် မှာ သွေးထွက် လွန်ခြင်း ကို ကာကွယ် ပေးတယ်။ ဖြစ်နိုင်ခြေ အာနိသင် မှာ ခန္ဓာကိုယ် သွေးလည် ပတ်မှု ကို မှန်ကန် စေနိုင်တဲ့ စနစ် ကို ဖြစ်စေ တယ်။

ဗီတာမင်အေ ကို လွန်ကဲစွာ စားရင် ပါးစပ်နံခြင်း၊ အသည်း ပျက်စီးခြင်း၊ ဆံပင် ကျွတ်ခြင်း၊ အမြင် အားနည်းခြင်း များ ကို ခံစား ရပြီး ဗီတာမင် ဘီ အလွန် စားရင် ပါးစပ်၊ လက်များ ထုံ လာပြီး အရေပြား နီရဲခြင်း၊ ယားခြင်း ဖြစ်တတ် တယ်။ ဗီတာမင် စီများ ရင် ဝမ်းဗိုက် နာခြင်း၊ ဝမ်းလျှော ခြင်း ဖြစ်စေတယ်။ ဗီတာမင် ဒီ ကို လွန်ကဲစွာ စားရင် နှလုံး ကြွက်သား လုပ်ငန်း လုပ်ဆောင်မှု နှေးကွေး စေတယ်။ ဗီတာမင် အီး ကို လွန်ကဲစွာ စားရင် သွေးအား နည်း ဝေဒနာ ခံစား ရစေ တယ်။ ဗီတာမင် ကေ လွန်ကဲစွာ စားရင် ဝမ်းတွင်းပူ တဲ့ ဝေဒနာ ခံစား ရတတ်တယ်။ ဗီတာမင် သည် အာဟာရ ဓာတ်ကို စုံလင် ပြည့်ဝ စွာ ပေးနိုင်သော် လည်း အစာနဲ့ ဆေး တည့်အောင် လိုသည် ထက်ပို မစားမိ ဖို့ လို တယ်။ ဗီတာမင် ပါဝင်မှု များ တဲ့ အစား အစာ တွေဟာ ယေဘုယျ အားဖြင့် လတ်ဆတ် လေလေ ဗီတာမင် ပါဝင်မှု များလေ ဖြစ်ပြီး ကြော်လှော် ချက်ပြုတ် လွန်းပါက ပျက်စီး သွားတတ် ကြတယ်။ ဥပမာ - ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ပဲ အမျိုးမျိုး တို့ ချက်ပြုတ်မှု ကြာမြင့် ရင် ရှိပြီးသား ဗီတာမင် တွေ ကုန်ခန်း သွားတတ် လို့ ချက်ပြုတ်ရာ မှာ ကျွမ်းကျင် ဖို့ လိုအပ် ပါတယ်။

ကေတု

0 comments:

Post a Comment