
အသက်(၈၆)နှစ် ရှိပြီဖြစ်သော အဖွားအိုသည် ပျော်ပျော်ရွှင်ရွှင်ပင် ပြိုင်ပွဲဝင်ခဲ့ပြီးနောက် (၈)နာရီ မကြာမီ အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မာရသွန် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသက်အကြီးဆုံး အမျိုးသမီးကြီးသည် ပန်းဝင်ပြီးနောက် မကြာမီမှာပင် သေဆုံးသွားရှာကြောင်း သိရှိရသည်။ ကယ်လီဖိုးနီးယားတွင် နေထိုင်သည့် ဂျွိုင်းဂျွန်ဆင်သည် တနင်္ဂနွေနေ့က ကျင်းပသည့် ပြိုင်ပွဲကို (၂၅)နှစ်ဆက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အသက်(၈၆)နှစ် ရှိပြီဖြစ်သော အဖွားအိုသည် ပျော်ပျော်ရွှင်ရွှင်ပင် ပြိုင်ပွဲဝင်ခဲ့ပြီးနောက် (၈)နာရီ မကြာမီ အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့သည်။ သို့သော်လည်း ပန်းဝင်ပြီး နာရီပိုင်းမျှအကြာ နယူးယော့ခ်ရှိ ဟိုတယ်တွင် သူမ ရုတ်တရက် ကွယ်လွန်သွားရှာကြောင်း ဂျွိုင်း၏ သမီးဖြစ်သူက မီဒီယာများသို့ ပြောကြားခဲ့သည်။ ဂျွိုင်းကွယ်လွန်ကြောင်း သတင်းသည် သူမကို ချစ်ခင်အားပေးသူများအတွက် ဝမ်းနည်းကြေကွဲ စရာ ဖြစ်လာခဲ့ရသည်။
"အမေက ခဏနားမယ်ဆိုပြီး အိပ်နေတာပါ။ ဘယ်တော့မှ ပြန်နိုးမလာတော့ဘူး"ဟု သမီးဖြစ်သူ ဒိုနာဂရာဖစ်က ပြောဆိုခဲ့သည်။ ဂျွိုင်းသည် (၂၆.၂)မိုင်ရှည်သော ပြေးလမ်း၏ မိုင်(၂၀)မျှ ခရီးတာအရောက်တွင် လမ်းပေါ်လဲကျပြီး ခေါင်းနှင့် မြေပြင် ဆောင့်မိခဲ့ကြောင်း သမီးကို အသိပေးသွားသေးကြောင်းလည်း သိရသည်။ ဂျွိုင်းသည် အတန်ငယ် နာကျင်ခဲ့သည့်တိုင် အာရုံစိုက်ကာ ဆက်လက်ပြိုင်ပွဲဝင်ပြီး (၇)နာရီနှင့် (၅၈)မိနစ်နီးပါး အချိန်တွင် ပန်းဝင်နိုင်ခဲ့ကြောင်း နယူးယော့ခ် မာရသွန်ပြိုင်ပွဲ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂျွိုင်းသေဆုံးမှုသည် ဦးခေါင်းမတော်တဆ ထိခိုက်မှုနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိမရှိကိုမူ အတည်မပြုနိုင်သေးချေ။ သူမသည် (၁၉၈၈)ခုနှစ်က ပထမဆုံးအကြိမ် နယူးယော့ခ် မာရသွန်တွင် ယှဉ်ပြိုင်ခဲ့ပြီး ထိုစဉ်က အကောင်းဆုံး စံချိန်အဖြစ် (၄)နာရီ (၂၃)မိနစ်ဖြင့် ပန်းဝင်ခဲ့ဖူးကြောင်း သိရှိရသည်။
Planet Myanmar Network
0 comments:
Post a Comment