Saturday, November 30, 2013

ရန်ကုန်ဆိပ်ကမ်းများ၏ ကုန်စည်နှင့် ကုန်သေတ္တာကိုင်တွယ်မှု ၁၀ နှစ်တာ ကာလအတွင်း နှစ်ဆကျော်ခန့် တိုးတက်လာ

မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလ၀ါ(MITT)အား တွေ့ရစဉ် (ဓာတ်ပုံ - ရွှန်းလဲ့ဝင်း)
ရန်ကုန်ဆိပ်ကမ်းများ၏ ကုန်စည်နှင့် ကုန်သေတ္တာ ကိုင်တွယ်မှုမှာ ၁၀ နှစ်တာ ကာလအတွင်း နှစ်ဆကျော် ခန့် တိုးတက် လာကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အထိ ၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများ၏ ကုန်စည်နှင့် ကုန်သေတ္တာကိုင်တွယ်မှုမှာ နှစ်ဆခန့် တိုးတက်လာခြင်း ဖြစ်သည်။

"၁၀ နှစ်တာ ကာလအတွင်းမှာ ရန်ကုန်ဆိပ်ကမ်းမှာ ကုန်စည်ရော၊ ကုန်သေတ္တာ ကိုင်တွယ်မှု မှာ နှစ်ဆကျော် အထိ တိုးတက်ခဲ့ ပါတယ်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့လည်း ရန်ကုန်ဆိပ်ကမ်းမှာ အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့  ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်၌ ကုန်ကိုင်တွယ်နိုင်မှု ပမာဏ မက်ထရစ် ၉၈၀၀ တန်ရှိ ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ၌ ၂၄၁၆၈ မက်ထရစ်တန်အထိ ရှိခဲ့ကြောင်း သိရသည်။  ကုန်သေတ္တာ ကိုင်တွယ်နိုင်မှု ပမာဏ၌လည်း ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန် ထောင်ပေါင်း ၂၆၇၆ ဒသမ ၁၈၄ တန် ကိုင်တွယ်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၆၁၈၉ ဒသမ ၆၇၃ မက်ထရစ်တန် ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ကုန်များ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင် ရွက်ပေးနေသည့် ရန်ကုန် ဆိပ်ကမ်း သည် ထီးတန်းကမ်းနားဒေသမှ သံလျက်စွန်းကမ်းနား ဒေသအတွင်း နိုင်ငံတကာသင်္ဘောများ ၀င်ထွက် ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၁၈ စင်း၊ ကုန်းတွင်း ကုန် သေတ္တာစခန်း သုံးခုဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို ဆောင် ရွက်နေခြင်းဖြစ်သည်။ သင်္ဘောအရွယ်အစားအားဖြင့် DWT ၁၅၀၀၀ ရှိ နိုင်ငံတကာ သင်္ဘောများ ၀င်ထွက် ဆိုက်ကပ်နိုင်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအဖြစ် ဗိုလ်အောင်ကျော် ဆိပ် ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလ၀ါ စသည်ဖြင့် ကုန်သေတ္တာ ဆိပ်ကမ်း လေးခုရှိကြောင်း သိရသည်။    

Eleven Media Group

0 comments:

Post a Comment