ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်
(၁၄)မြို့နယ်တွင် ဒေါပုံမြို့နယ်လည်း ပါဝင်နေသည်။ ဒေါပုံမြို့နယ်သည်
တစ်ချိန်ကကျေးရွာငယ်အဆင့်သာရှိခဲ့သော်လည်း သမိုင်းကြောင်းက ကြီးမား လှသည်။
ဒေါပုံမြို့နယ်သည်
ရန်ကုန်မြို့နှင့်ချောင်းခြားဖြစ်နေခဲ့စဉ်က ဆန်စက်နှင့်
သင်္ဘောကျင်းသာ ရှိခဲ့သည်။ ထိုအခါက ဆန်စက်လုပ်သား၊ သင်္ဘောကျင်းလုပ်သားတွေသည်
အိန္ဒိယနွယ်ဖွားတွေသာ ဖြစ်ခဲ့ကြသည့်အတွက် အိန္ဒိယအမည်ပေးထားသော
လမ်းနှင့်ရပ်ကွက်အမည်တွေအပြင် ချောင်းကမ်း ပါးဘေး က ရွာကလေးဖြစ်ခဲ့လို့
ဒေသကိုလိုက်၍အမည်ပေးထားသော ရပ်ကွက်နှင့် လမ်းအမည်လေးတွေ ပါရှိခဲ့ဖူးသည်။
“သမိုင်းကောက်ကြောင်းထဲက ဒေါပုံအမည်နာမ”ဒေါပုံမြို့နယ် တည်ရာသည် ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ဒေါပုံ၊ ပုဇွန်တောင်၊ ငမိုးရိပ်ချောင်းတို့ ဆုံစည်းရာ မြစ်သုံးဆိုင်နှင့် မလှမ်းမကမ်း ရန်ကုန်မြို့ကြီး၏ချောင်းတစ်ဖက်မှာ တည်ရှိနေသည်။ ဒီရေအတက်အကျ ကြမ်းတမ်းလှသည့် မြစ်သုံးဆိုင်အနားမှာရှိနေလို့ ဒေါပုံခေါ်သည်။ တစ်ခါငမိုးရိပ် ဇာတ်လမ်းနှင့် ဆက်စပ်ကာ ငမိုးရိပ်မိကျောင်း ပုန်းအောင်းခဲ့ရာဖြစ်လို့ တောပုန်းကနေ ဒေါပုန်ကရွေ့လျား ကာ ဒေါပုံဖြစ်လာသည်ဆိုသည့် ယူဆချက်တွေလည်းရှိသည်။
ဘာသာဗေဒအရ ဒေါပုံအရေးအသားသည် မွန်ဘာသာက ဒေါပွန်ကနေရွေ့လျားလာခြင်းဖြစ်သည်။ ဒေါ(ဆက်ကပ်)+ပွန်း(ဆွမ်း)= ထမင်း၊ဆွမ်းဆက်ကပ်ခြင်းဖြစ်ကာ မြတ်ဘုရားရွှေတိဂုံကို အာစိဏ္ဏကံ(ပုံမှန်) ဆွမ်းကပ်သူတွေ နေထိုင်ခဲ့ရာ အရပ်ဖြစ်ခဲ့လို့ဖြစ်သည်။
“သမိုင်းကြောင်း ကြီးမားခဲ့တဲ့ ဒေါပုံဝန်းကျင်”
ဒုတိယမြန်မာနိုင်ငံကာလတွင် နယ်ချဲ့မျိုးရိုး ပေါ်တူဂီလူမျိုးဖိလစ်ဒီဗရစ်တို(ခ) သန်လျင်မြို့စား ငဇင်ကာသည် အမြောက်လက်နက်သွန်းလုပ်ရန်အတွက် စေတီ၊ ပုထိုးတွေမှာ တပ်ဆင်ထား တဲ့ကြေးခေါင်းလောင်းတွေကို အဓမ္မဖြုတ်ယူခဲ့သည်။ အထင်ရှားဆုံးက ဓမ္မစေတီ မင်းခေါင်းလောင်းတော်ကြီးဖြစ်သည်။ ကြေးစင်အချိန်တစ်သိန်းရှစ်သောင်း၊ အစောက် တစ်ဆယ့် ခုနစ်တောင်၊ အဝငါးတောင်၊ တန်ချိန် (၂၇ဝ) ရှိသည့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတော်ကြီးကို ကောဇာ ၉၇၄၊ ခရစ် ၁၆၁၂ ခုနှစ်တွင် ဘရင်ဂျီကုလားငဇင်ကာက အမြောက်သွန်းလုပ်ရန်အတွက် ယူဆောင်သွား ရာ ငဇင်ကာနှင့်တကွ လှေပါ (ပန်းအလွဲချောင်း) ဒေါပုံမြစ်တွင်နစ်မြုပ်ခဲ့သည်မှာ အခုထိဖြစ်သည်။
တတိယမြန်မာနိုင်ငံ တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကာလမှာ ဒေါပုံသည် စစ်ရေးအချက်အချာဖြစ်လာသည်။ ''ဒေါပုံတပ်ကား သန်လျင်မြို့၏အသက်ဖြစ်သည်။ ဒေါပုံတပ်မရှိလျှင် သန်လျင်ကို အလွယ်နှင့်ရနိုင်မည်၊ ဒေါပုံတပ်ကား သစ်တပ်မျှသာ''လို့ သတ်မှတ်ကာ အပြီးသတ်တိုက်ခိုက်ဖြိုခွင်းခဲ့ဖူးသည်။
“ဆန်းသစ်လာတဲ့ ဒေါပုံမြို့နယ်”
၁၉၆၇ ခုနှစ်တွင် သာကေတတံတားသစ်ကြီးကို တည်ဆောက်ပြီးချိန်မှာ ဒေါပုံဟာ အသစ်မွေးဖွား လာပြန်သည်။ ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စနစ်သစ်အုပ်ချုပ်ရေး၏ အသီးအပွင့်အနေဖြင့် ဒေါပုံမြို့နယ် ပေါ်ပေါက်လာသည်။ မြို့နယ်၏အကျယ်အဝန်း ၁ဒသမ ၄၂ စတုရန်းမိုင်မျှသာ ကျယ်ဝန်းကာ၊ ရပ်ကွက် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ မြစ်သုံးသွယ်ဆုံရာဝန်းကျင်မှာ တည်ရှိခဲ့လို့ နိမိတ်ပုံအမည်တွေဖြစ်သည့် လမုတန်း၊ ကြည်စု၊ ယမုံနာ (၁)၊ ယမုံနာ(၂)တို့အပြင် အေးရွာဆိုတာ ပါရှိခဲ့သည်။
ယင်းကာလမတိုင်မီက ဒေါပုံသင်္ဘောကျင်းနှင့် ဆန်စက်တွေမှာ လုပ်ခဲ့ကြသည့်အိန္ဒိယနိုင်ငံသား၊ အင်ဂျင်တံတေး၊ တေးလ်ဝါလား၊ ပေတံတေ၊ ပန်ကာဝါလား၊ ပတ်တောဝါးလား၊ ပူစီဝါလား တွေနေထိုင်ခဲ့ကြတဲ့ ကုလားစု (India Busti) ပင်ရှိခဲ့ဖူးသည်။ ထို့အပြင် ကျဉ်းမြောင်းရှုပ်ထွေးလှသည့် ခြေလိမ်ရပ်ကွက်နှင့် အရက်ပုန်းချက်၊ တိုးတိုးသား(အမဲ)ပေါ်ရောင်းသော အေးရွာဆိုသည့် ကျေးရွာကလေးလည်းရှိခဲ့ဖူးသည်။
ဒေါပုံမြို့နယ်ကာလမှာ အေးရွာအမည်ကနေ ဗမာအေး၊ ခြေလိမ်ကနေ နွယ်အေးအမည်သို့ ပြောင်းလဲထားသလို ဝါတွင်းကာလမှာ ဆွမ်းဆက်ကပ်သည့်ဓလေ့ကို ဖော်ကျူးသည့်ဝါဆိုရပ်ကွက်၊ သင်္ဘောဆေးစက်ရုံတည်ရာကို ညွှန်ပြသည့် ဆေးစက်၊ စက်ဆန်း၊ ပုသိမ်ညွန့်တို့၏ဆက်စပ်မှုကို ဖော်ညွှန်းသောပုသိမ်မြေဆိုသည့်ရပ်ကွက်များအပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် သူ့ကျွန်မခံတော်လှန်ခဲ့သူ ဗိုလ်ထွန်းဇံကို ဂုဏ်ပြုမှည့်ခေါ်ထားသည့် ဗိုလ်ထွန်းဇံရပ်ကွက် ၊ လမ်းအမည်များ ပါရှိနေပြီဖြစ်သည်။
ထည်ဝါလှပခဲ့သည့် သာကေတတံတားကြီးနှင့် မဟာဗန္ဓုလတံတားများကြောင့် ဒေါပုံမြို့နယ်သည် ယခုအခါမှာ ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်လာကာ လမ်းပန်းဆက်သွယ်ရေး ချောမွေ့လာသည်။ သို့သော် ကျေးရွာအဆင့်မှသည် မြို့နယ်ဖြစ်တည်လာရသည့်အတွက် ရှေးဟောင်းလက်ရာအဆောက်အအုံ မရှိသေးသောမြို့နယ်အဖြစ် မှတ်တမ်းပြုလိုက်ရပါသည်။
ရည်ညွှန်း။(၁)အလောင်းမင်းတရားကြီး အရေးတော်ပုံ ၂ စောင်တွဲ၊ (၂) သန်လျင် ရာဇဝင် J.Furnivell၊ (၃) မြို့တော်မဂ္ဂဇင်းအမှတ် (၁၇၇)၈/၂ဝဝ၆
Ref: မောင်မြတ်မွန် (ဆူးလေ)၊ မြို့တော်သတင်း။
0 comments:
Post a Comment