Monday, October 14, 2013
အနုပညာ
၅၃
နှစ်အကြာမှ မြန်မာနိုင်ငံတွင် ပြန်လည်ကျင်းပခဲ့သည့်
မယ်စကြာဝဠာရွေးပွဲနှင့် ပတ်သက်၍ လူအများက စိတ်လှုပ်ရှားရှိနေခဲ့သည်။
မမိုးစက်ဝိုင်သည် သူ၏ အိပ်မက်များ ပြည့်ဝခဲ့သည်ဟု ဆိုနိုင်သည်။ အောက်တိုဘာလ
၃ ရက် ရန်ကုန်တွင် ကျင်းပသည့် မယ်ရွေးပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည်။
လာမည့်နိုဝင်ဘာလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာ
မယ်စကြာဝဠာရွေးပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြု၍ သွားရောက်
ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပေပြီ။
ယခုပြိုင်ပွဲနှင့်ပတ်သက်၍
ဦးဆောင်စီစဉ်သူတစ်ဦးက ပြောရာတွင် အသက် ၂၅ နှစ်အရွယ် မြန်မာမယ်
မမိုးစက်ဝိုင်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် မျက်နှာဟုဆိုလျှင်
ရနိုင်ပြီး နိုင်ငံပွင့်လင်းလာသည့်အချိန်၌ မြန်မာနိုင်ငံအတွက် ပို၍
အသိအမှတ်ပြုမှုကို ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟူ၍လည်း
မျှော်လင့်စိတ်ကူးမိကြောင်း ဆိုပါသည်။
အာဏာရှင်စနစ်မှ
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏
ကောင်းသတင်းတွင် ယခုမယ်မြန်မာလေးက ပို၍ ထပ်လောင်း အလှဆင်ပေးနိုင်လိမ့်မည်
ဖြစ်ပါသည်။ သို့သော်လည်း ဤဖြစ်ရပ်နှင့်ပတ်သက်၍ လူအချို့၏
တုံ့ပြန်မှုများလည်း ရှိနေပြန်သည်။ မယ်ရွေးပွဲစင်မြင့်၏ ပြင်ပတွင်
ဖြစ်နေသည့် ဖြစ်ရပ်များဟုဆိုရပါလိမ့်မည်။ စွပ်စွဲပြောဆိုမှုများလည်း
ရှိနေခဲ့သည်။ ယနေ့မြန်မာနိုင်ငံတွင် အလှတရားက နည်းနည်း၊
သားရဲကောင်အရိုင်းများက ခပ်များများဖြစ်နေသလားဟု ထင်ရလောက်အောင်
စိတ်မချမ်းမြေ့စရာများ ဖြစ်သည်။
စစ်အာဏာရှင်စနစ်နှင့် ယနေ့ခေတ်သစ်
ဒီမိုကရေစီကတိက၀တ်များအကြား ကြေမွနေသည့် မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားသားများက
စိုးရိမ်လက်တွန့်နေရလောက်အောင် ပုံရိပ်များ ရှိနေသည်။
ခါးသီးစရာကောင်းလှသည့် အကွဲအပြဲပဋိပက္ခများ ကြုံခဲ့ရသည့် မြန်မာနိုင်ငံတွင်
ရုပ်ဆိုး အကျည်းတန်သည့် ရုပ်ပုံကားချပ်ကို မြင်နေကြရပါသည်။ ဤပြဿနာမှာ
စီးပွားရေးအခြေအနေ၊ ငွေကြေးဆိုင်ရာ စည်းမျဉ်းဥပဒေများ သို့မဟုတ်
အရိုးကျောက်တည်သလို ဟောင်းနွမ်းမလှုပ်မရှား ဖြစ်နေသည့် အစိုးရအုပ်ချုပ်ရေး
ယန္တရားများနှင့် အဆင့်ဆင့်အချိန်ဖြုန်း၊ ဖင့်နှေးလှသည့် ဆက်ဆံရေးကိစ္စများ
သက်သက်မျှသာ မဟုတ်ပါ။ ထိုများထက် ပိုနက်ရှိုင်းသည်။
အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့သည့် မြန်မာမယ်အလှကလေးက ၀င့်ကြွားစွာ
ပြုံးနေပါလိမ့်မည်။ မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းသော သမိုင်းကို
ပါဝင်ရေးသားခွင့်ရသည့်အတွက်ကြောင့်လည်း ဂုဏ်ယူနေပါလိမ့်မည်။ သူက
မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် ရှေ့မျက်နှာစာကနေ နိုင်ငံတကာတွင်
တိုက်ပွဲဝင်ပေးရတော့မည့် စစ်သည်တစ်ဦးနှယ်လည်း ခံစားမှုရှိနေနိုင်ပါသည်။
သို့သော်လည်း လူအချို့က အလှမယ်ကလေးကို ဆန္ဒပြမည်ဟု ထုံးစံအတိုင်း အင်တာနက်မှ
ခြိမ်းခြောက် ပြောဆိုနေကြသည်။ ဖေ့ဘုတ် (Facebook) တွင် မကြားဝံ့မနာသာ
ပြောဆိုနေကြသူတွေလည်း ရှိသည်။ အလှမယ်ကလေးက မြန်မာစစ်သလား၊ မည်သူ့ကို
ကိုယ်စားပြုပါမည်နည်းဟု မေးခွန်းထုတ်နေကြသူတွေလည်း ရှိသည်။
ပြဿနာမှာ လူအချို့က ဗမာလူမျိုးရေးဝါဒနှင့် ဗုဒ္ဓဘာသာကို အလွဲအသုံးချ၍
လှုံ့ဆော်နေသည့် ပြဿနာပင်ဖြစ်ပါသည်။ အချို့ကတော့ ဤပြဿနာ၏ နောက်ကွယ်တွင် ယခင်
အစိုးရဟောင်း၏ တစ်စိတ်တစ်ပိုင်း၊ တစ်ကဏ္ဍပါဝင်ပတ်သက်မှုရှိနေသည်ဟု
ဆိုနေကြသကဲ့သို့၊ အချို့ကလည်း လူအချို့သည် မြန်မာ့ လူမှုအဖွဲ့အစည်းအတွင်း
သွေးကွဲမှုဖြစ်အောင် လှုံ့ဆော်နေကြသည်ဟု ပြောဆိုကြသည်။ ဒါတွေကလည်း
သက်သေမပြနိုင်သရွေ့တော့ စွပ်စွဲမှုတွေသာ ဖြစ်နေသည်။ ဤအချက်မှာ
နိုင်ငံရေးနှင့် သက်ဆိုင်မှုရှိသလို ပြီးခဲ့သည့် ရာစုနှစ်ဝက်ကာလ
စစ်အာဏာရှင်အုပ်ချုပ်ရေးအတွင်း အားပေးအားမြှောက်ပြုခဲ့သော
ဖိနှိပ်ချုပ်ချယ်မှု၊ သွေးခွဲဖိနှိပ်မှုများမှ ပေါ်ထွက်လာခဲ့ခြင်းလည်း
ဖြစ်သည်။ မည်သည့်အချက်က အမှန်တရားပင်ဖြစ်စေ၊ မီးလောင်နေသည့်အိမ်များ၊
လူသေကောင်အလောင်းများ မြင်တွေ့ကြရသည့် မြန်မာနိုင်ငံအတွင်းမှ ထွက်လာသည့်
တီဗွီရိုက်ကွက်များမှာ နိုင်ငံတကာပရိသတ်များ
ရှေ့မှောက်တွင် ရုပ်ဆိုး အကျည်းတန်စွာ မြင်တွေ့နေကြရပါသည်။
မည်သို့ဖြစ်စေ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင်
ဤပြဿနာကိုတော့ ရင်ဆိုင်ရှင်းလင်းရတော့မည် ဖြစ်သည်။ ထိုင်း၊ မလေးရှား၊
အင်ဒိုနီးရှားနှင့် အခြားသော နိုင်ငံများတွင်လည်း တစ်ချိန်တစ်ခါတွင်
လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများ ကြုံတွေ့ခဲ့ကြရသည်။ အချို့လည်း
ယခုအထိတင်းမာမှုများ ဆက်၍ ရှိနေဆဲရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်မူ ယခုမှသာ
ပုလင်းအဆို့ ပွင့်ကန်ထွက်လာသည့်သဖွယ် ဖြစ်နေသည်။ အချိန်တိုအတွင်း
လွင့်ပြယ်သွားဖို့တော့ မျှော်လင့်ချက်နည်းလှသည်။
ရှေ့လတွင်
မြန်မာအလှမယ်ကလေးက မော်စကိုစင်မြင့် ရှေ့တက်၍ ကိုယ်ဟန်ပြသည့်အခါ၊
မြန်မာနိုင်ငံက နိုင်ငံတကာ မိသားစုထံသို့ အမှန်တကယ်
ပြန်လည်ပူးပေါင်းပြီဖြစ်ကြောင်း သူက သင်္ကေတပြလိုက်ခြင်းလည်း ဖြစ်ပါသည်။
အပေါ်ယံကြည့်လျှင်ပင် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း အံ့အားသင့်ဖွယ်
ပြုပြင်ပြောင်းလဲခဲ့သည့်အချက်များ မြန်မာနိုင်ငံတွင် ချီးကျူးပြောဆိုစရာ
အများအပြားရှိနေပါသည်။ ထိုမျှမက အာဆီယံအသင်းကြီး၏ ဥက္ကဋ္ဌ ရာထူးတာဝန်ကိုပင်
ရယူတော့မည် ဖြစ်သည်။ သို့သော် အသိအမှတ်ပြုထားရန်မှာ ဤအောင်ပွဲအတွင်း၌
လျင်လျင်မြန်မြန်ထွက်လာသည့် သတင်းကောင်းများကြားကပင်
အားနည်းချို့ယွင်းချက်များ ရှိနေပါသေးသည်။
ဘာသာရေး၊ လူမျိုးရေးကို
ခုတုံးလုပ်ပြီး အကြမ်းဖက်မှုများဖြစ်အောင် လှုံ့ဆော်နေမှုများအပြင်၊
တိုင်းရင်းသားပဋိပက္ခ၊ မြေသိမ်းပိုက်မှုများကို မဖြေးရှင်းနိုင်သေးခြင်း၊
ပိုက်လိုင်းကိစ္စ ဆန့်ကျင်မှုများ၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့်
လှုပ်ရှားခွင့်ကို ချုပ်ချယ်ကန့်သတ်ချက်များ ရှိနေခြင်းများ၊ စီးပွားရေး၊
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင်လည်း အစိုးရက
ဆက်လက်ပြီး လက်ဝါးကြီးအုပ်ထားနိုင်အောင် ကြိုးစားနေမှုများ၊ နိုင်ငံရေးအရ
ဝေဖန်ပြောဆိုနေသူများကို တစ်နည်းတစ်ဖုံ ဆက်လက်၍
ထောင်သွင်းအကျဉ်းချနေမှုများ၊ နိုင်ငံ့လူအများစု၏ စီးပွားရေး၊ ပညာရေး၊
လူမှုရေးတိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မှု နှေးကွေးခြင်းစသည်တို့သည်
မြန်မာနိုင်ငံဒီမိုကရေစီခရီးအတွက် စိုးရိမ်ဖွယ်အခြေအနေများပင်
ဖြစ်ပါကြောင်း မဇ္ဈိမက တင်ပြလိုက်ရပါသည်။
Mizzima - News in Burmese
0 comments:
Post a Comment