Monday, October 7, 2013

သရေတစ်မှတ်နဲ့ ဇယားထိပ်မှာ နေရာပြန်ယူလိုက်တဲ့ အာဆင်နယ်။ (ဝက်စ်ဘရွန်း ၁-၁ အာဆင်နယ်)

   
 ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် ဝက်စ်ဘရွန်းအသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ ဝက်စ်ဘရွန်းရဲ့ ဟော်သွန်း ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ယခုနှစ် ပရီးမီးယားလိဂ် ရာသီမှာ ခြေစွမ်းပြ နိုင်ပွဲတွေ ဆက်နေတဲ့ အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွနေမယ့် ဝက်စ်ဘရွန်းတို့ရဲ့ ပြိုင်ပွဲဟာ စိတ်ဝင်စားဖွယ် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ နှစ်ပါတ်လောက်ကမှ ကပ်ပီတယ်ဝမ်း ဖလားပွဲမှာ တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရထားတာ ဖြစ်ပါတယ်။
ဝက်စ်ဘရွန်းအသင်းမှာ ဂိုးသမား မိုင်ဟီးလ်၊ နောက်တန်းမှာ ဂျုန်း၊ မက်က် အော်လေး၊ အော်လ်ဆင်နှင့် ရီဂျီဝဲလ်တို့ ပါဝင်လာပါတယ်။ ကွင်းလယ်မှာ ယာကို့ဘ်၊ မလွမ်ဘူ၊ အမယ်လ်ဖီတာနို၊ ဆက်ဆီညွန်နှင့် ဘီရာဟီနိုတို့ ပွဲထွက်လာပြီး အထောင်တိုက်စစ်မှူးအဖြစ် အနယ်လ်ကာ ပါဝင်လာပါတယ်။
အာဆင်နယ်အသင်းမှာတော့ ဂိုးသမား ဆက်ဇနီ၊ နောက်တန်းမှာ ဂျန်ကင်ဆင်၊ မာတက်ဆက်ကာ၊ ကိုဆီယယ်လ်နီနှင့် ကီရန် ဂစ်ဘ်တို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ ဖလာမီနီ၊ အာတီတာ၊ ရမ်းမ်ဆေး၊ အိုဇေးနှင့် ဝီလ်ရှီးယားတို့ နေရာယူပြီး အထောင်တိုက်စစ်မှူးအဖြစ် ဂီရော့ဒ် ပွဲထွက်လာ ပါတယ်။
ဝက်စ်ဘရွန်းအသင်းဟာ အိမ်ကွင်းပွဲစဉ် ဖြစ်တာနဲ့ အညီ အာဆင်နယ်အသင်းကို ဖိအားပေး ကစားနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပေမယ့် ကွင်းလယ်ပိုင်းမှာ အာဆင်နယ်အသင်းက အနည်းငယ် အသာစီးရနေပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနေပါတယ်။ ဒါပေမယ့် တကယ် တမ်း ဂိုးရဖို့ နီးစပ်ခဲ့တာကတော့ ဝက်စ်ဘရွန်းပါ။ ၁၄ မိနစ်မှာ ဘီရာဟီနို ဧရိယာထိပ်ကနေ လှမ်းကန်ရာမှာ ဖလာမီနီနှင့် ထိပြီး လမ်းကြောင်းပြောင်းသွားတဲ့အတွက် ဆက်ဇနီအနေနဲ့ ခက်ခက်ခဲခဲ ကာကွယ်လိုက်ရတာ ဖြစ်ပါတယ်။ ဘီရာဟီနိုဟာ ကပ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲမှာ တုန်းကလည်း အာဆင်နယ်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
 
မိနစ်မှာ ကီရန် ဂစ်ဘ် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကန်သွင်းခွင့်ရတာကို အပြင်းအထန် ကန်သွင်းရာမှာ အပေါ် ထောင်သွားတဲ့အတွက် အာဆင်နယ်အတွက် အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရ ပါတယ်။ ၂၂ မိနစ်မှာ ဝက်စ်ဘရွန်း ကွင်းလယ်လူ အမယ်လ်ဖီတာနိုရဲ့ ခြေသလုံးကို ဖြတ်ကန်သလို ဖြစ်ခဲ့တဲ့အတွက် ဖလာမီနီတစ်ယောက် အဝါကဒ် ပြသ သတိပေးခံရပါတယ်။
 
၂၄ မိနစ်မှာ ဝီလ်ရှီးယား၊ အိုဇေး တွဲလုံးကနေ တစ်ဆင့် ဂီရော့ဒ်ကနေ ဝီလ်ရှီးယားကို အသာပြန်ချပေးတာကို အပြင်းကန်သွင်းပေမယ့် ဝီလ်ရှီးယားတစ်ယောက် ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၃၅ မိနစ်မှာလည်း ဂီရော့ဒ် အဝေးကနေ လှမ်းကန်ခဲ့ပေမယ့် အရမ်းဝေးတဲ့အတွက် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ၃၉ မိနစ်မှာတော့ အာဆင်နယ်အတွက် ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ခု ထပ်ရခဲ့ပါသေးတယ်။ ဒေါင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ရမ်းမ်ဆေးက အဝေးကနေ မြေလှိမ့်ဘော အပြင်း ကန်သွင်းလာတာကို ဝက်စ်ဘရွန်း ဂိုးသမား မိုင်ဟီးလ် အသည်းအသန် ကာကွယ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဂိုးလာဘ် သိပ်ကောင်းေ နတဲ့ ရမ်းမ်ဆေးဟာ ဆေးစက်ကျရာ အရုပ်ထင်နေတဲ့ သဘောပါပဲ။ ဒီ ကန်သွင်းချက်ဟာ အဝေးကြီးကနေ လူအများကြီး ရှေ့မှာ ပိတ်နေတဲ့ အနေအထားမှာ ကန်သွင်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့က လူတွေနဲ့ မထိပဲ ရုတ်တရက် ဂိုးပေါက်ဆီ တည့်တည့်ကြီး ရောက်လာတာ ဖြစ်ပါတယ်။ မိုင်ဟီးလ် တစ်ယောက် ဘောလုံး ဂိုးစည်းနား ရောက်ကာမှ အသည်းအသန် ပုတ်ထုတ်လိုက်ရတာ ဖြစ်ပါတယ်။
 
၄၁ မိနစ်မှာ ဝက်စ်ဘရွန်းအသင်းက ပြန်လည် ခြိမ်းခြောက်လာခဲ့ပြီး ညာခြမ်းကနေ မတင်ပေးလိုက်တာကို မြေမကျဘော ကန်သွင်းလိုက်တာ လှပပေမယ့် ဖလာမီနီ တားဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၄၂ မိနစ်မှာတော့ အာဆင်နယ်အသင်း  မကာကွယ်နိုင်တော့ပါဘူး။ ညာခြမ်းကနေပဲ အမြင့်ဘော မတင်ပေးလိုက်တာကို ကွင်းလယ်လူ ယာကို့ဘ်က မြေထောက်ဘော ခေါင်းတိုက်ပြီးတော့ သွင်းယူလိုက်ရာမှာ ဆက်ဇနီ ပုတ်ထုတ်ဖို့ ကြိုးစားပေမယ့် လမ်းကြောင်းပြောင်းအောင် မပုတ်ထုတ်နိုင်တော့ပဲ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ပွဲတိုင်းပွဲတိုင်း ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီနေ့ ပထမဆုံးအကြိမ် အဖွင့်ဂိုး အသွင်းခံလိုက်ရတာ ဖြစ်ပါတယ်။
 
ပထမပိုင်း ပြီးကာနီး နာကျင်အပိုချိန်မှာ ဝီလ်ရှီးယား တစ်ယောက် အဝါကဒ် ပြသခံခဲ့ရပါသေးတယ်။ အဝင်ကြမ်းတဲ့အတွက် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။
ပထမပိုင်း ကစားပုံအရ အာဆင်နယ်အသင်းဟာ ကွင်းလယ်ပိုင်းမှာ အသာစီးရခဲ့ပေမယ့် ပြိုင်ဖက် ဧရိယာနားမှာ အပေးအယူလုပ်တာတွေ အရမ်း များနေပြီး ဝက်စ်ဘရွန်း ဂိုးပေါက်ကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဂိုးသမား အသည်းအသန်ကာကွယ်လိုက်ရတာ မရှိသလောက်ပါပဲ။ ရမ်းမ်ဆေး ကိုက် ၂၀ လောက်ကနေ မြေလှိမ့်ဘော ကန်သွင်းလိုက်တဲ့ တစ်လုံးသာ ဂိုးသမား အသည်းအသန် ကာကွယ်လိုက်ရတာပါ။ အာဆင်နယ်အသင်း ရလာဒ်ကောင်း ပြန်လည် ရယူနိုင်ဖို့ ဧရိယာ အပြင်ဖက်ကနေ ကန်သွင်းချက်တစ်ချို့ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ ဝက်စ်ဘရွန်းအသင်းကတော့ ခံစစ်ကို အားပြု ကစားရင်း ကြိုးစား ကစားသွားကြတာကို တွေ့ရပါတယ်။ ပထမပိုင်း ဦးဆောင်ထားနိုင်တာဟာ ဝက်စ်ဘရွန်းအတွက် အားတက်စရာ တစ်ခု ဖြစ်နေပါတယ်။
 
ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဝက်စ်ဘရွန်းက ဂိုးရလုနီးပါး အခွင့်အရေး ရခဲ့ပါသေးတယ်။ ကောင်တာ ပေါက်ထွက်လာတာကို ဘယ်ခြမ်းကနေ အနိမ့်ဘော ခင်းပေးလိုက်တဲ့ ဘောလုံးဟာ အနယ်လ်ကာဆီ တည့်တည့်မတ်မတ် ရောက်သွားပေမယ့် အရှိန် အနည်းငယ် များနေတဲ့ အနယ်လ်ကာ ကောင်းကောင်း မထိန်းလိုက်နိုင်တဲ့အတွက်သာ အာဆင်နယ် ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။
 
၄၇ မိနစ်မှာတော့ အာဆင်နယ်အသင်းက ပြန်လည် ခြိမ်းခြောက်လာပြီး ဂီရော့ဒ်ရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ဝီလ်ရှီးယား အပြင်းကန်သွင်းပေမယ့် ဒီတစ်ခါလည်း ဂိုးပေါက်တည့်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။ ၅၂ မိနစ်မှာတော့ ဝက်စ်ဘရွန်းအနေနဲ့ ဒုတိယဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ရခဲ့ပါတယ်။ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် အနယ်လ်ကာ တစ်ယောက် ဘောလုံးရသွားပြီး ကျွတ်ကျွတ်လွတ်လွတ် ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်သွင်းရတာ ဖြစ်ပါတယ်။ အဝေးတိုင်ခြေနားကို လှမ်းကန်သွင်းဖို့ ကြိုးစား ခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားတဲ့အတွက် အာဆင်နယ်တို့ ကံကောင်းခဲ့တာ ဖြစ်ပါတယ်။
 
ဒုတိယပိုင်းမှာ ချေပဂိုး ရဖို့အတွက် အာဆင်နယ်အသင်း ကစားအား တင်လာမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ဒုတိယပိုင်းမှာ ဝက်စ်ဘရွန်းအသင်းက ခြေစွမ်းပိုပြလာနိုင်တာကို တွေ့ရပါတယ်။ ၅၆ မိနစ်မှာ ဘီရာဟီနို ဧရိယာ အပြင်ဖက်ကနေ လှမ်းကန်သွင်းခဲ့ပေမယ့် ကန်ချက် ပျော့တဲ့အတွက် ဆက်ဇနီ အသာအယာ ဖမ်းယူနိုင်ခဲ့ပါတယ်။
 
၅၈ မိနစ်မှာတော့ အာဆင်နယ်အသင်းဟာ ကျဆင်းလာတဲ့ ကွင်းလယ်စွမ်းဆောင်မှုကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရမ်းမ်ဆေးကို ထုတ်ပြီး ရိုဆစ်စကီးကို ဝင်ရောက် ကစားစေခဲ့ပါတယ်။ ၅၉ မိနစ်မှာတော့ အငြင်းပွားဖွယ် တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ကီရန် ဂစ်ဘ် မတင်ပေးလိုက်တဲ့ ဘောလုံးဟာ ဝက်စ်ဘရွန်း နောက်ခံလူ ဂျုန်းရဲ့ လက်မောင်းကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ပယ်နယ်တီ ပေးဖို့ ဂစ်ဘ်က တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကတော့ ငြင်းဆန်ခဲ့ပါတယ်။ အနေအထားက လက်မောင်းကို ထိမှန်ခဲ့ပေမယ့် ဂျုန်းဟာ လက်ကို နောက်ကို ပစ်ထားတဲ့ အနေအထားမှာ ထိမှန်ခဲ့တာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။
 
၆၂ မိနစ်မှာတော့ အာဆင်နယ်တို့ အဖိုးတန် ချေပဂိုးတစ်ဂိုး သွင်းယူလိုက်နိုင်ပါတယ်။ ရိုဆစ်စကီးက နောက်ပြန် အသာအယာ ချပေးလိုက်တဲ့ ဘောလုံးကို နောက်ကတက်လာတဲ့ ဝီလ်ရှီးယားက အနိမ့်ဘော အပြင်း ကန်သွင်းရာမှာ အော်လ်ဆင်နဲ့ ထိပြီး အနည်းငယ်လမ်းကြောင်း ပြောင်းသွားတဲ့အတွက် မိုင်ဟီးလ်အနေနဲ့ ဘယ်လိုမှ မကာကွယ်နိုင်တော့ပဲ ချေပဂိုး ပေးလိုက်ရတာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ကန်သွင်းချက် တစ်ခုပါပဲ။ ၁၈ ကိုက် ဧရိယာ အပြင်ဖက်ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၅၄ ပွဲတိင်တိုင် ဂိုးမသွင်းနိုင်ခဲ့တဲ့ အနေအထားကို ဝီလ်ရှီးယားတစ်ယောက် ရပ်တန့်နိုင်လိုက်တာ ဖြစ်ပါတယ်။
 
၆၈ မိနစ်မှာတော့ ဝက်စ်ဘရွန်းအသင်းဟာ အနယ်လ်ကာကို ထုတ်ပြီး ရှန် လောင်း ဝင်ရောက် ကစားလာပါတယ်။ ၇၂ မိနစ်မှာ ဂီရော့ဒ်တစ်ယောက် အပိုင်ကန်သွင်းခွင့် တစ်ခု ရခဲ့ပေမယ့် ဘောလုံးကို မထိန်းပဲ မြေမကျဘော ကန်သွင်းဖို့ ကြိုးစားခဲ့တဲ့အတွက် ဂိုးပေါက်နဲ့ အကြီးအကျယ် လွဲချော်ခဲ့ပါတယ်။
 
သိပ်မကြာခင်မှာပဲ ဝက်စ်ဘရွန်းက ပြန်လည် ခြိမ်းခြောက်လာပြန်ပါတယ်။ နောက်ခံလူ ဂျုန်း ရှေ့အထိ တက်လာပြီး အဝေးကနေ အပြင်း ကန်သွင်းတာကို ဆက်ဇနီ လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်လိုက်ရတာ ဖြစ်ပါတယ်။
 
၇၅ မိနစ်မှာတော့ အာဆင်နယ်အသင်း အနိုင်ဂိုး သွင်းယူနိုင်ပြီလို့ ထင်လိုက်ရတဲ့ အနေအထား တစ်ခု ဖြစ်ခဲ့ပါတယ်။ ဝီလ်ရှီးယား မတင်ပေးလိုက်တဲ့ ဘောလုံးကို ဂီရော့ဒ်တစ်ယောက် ဂိုးသမားကိုပါ ကျော်ဖြတ်နိုင်လိုက်ပြီလို့ ထင်လိုက်ရပေမယ့် ဂီရော့ဒ် အမှန်တကယ် ကန်သွင်းချိန်မှာ နောက်က လိုက်လာတဲ့ ဂိုးသမား မိုင်ဟီးလ် လှဲအိပ် ကာကွယ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အံ့အားသင့်ဖွယ် ကာကွယ်မှု တစ်ခုပါပဲ။
 
ပွဲပြီးဆုံးဖို့ အချိန် နီးလာတာနဲ့ အမျှ အာဆင်နယ်အသင်းဟာ အနိုင်ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားမှုတွေ ပိုမို တွေ့လာရပါတယ်။ ဒုတိယပိုင်းမှာ ခြေစွမ်း ပိုကောင်းခဲ့တဲ့ ဝက်စ်ဘရွန်းဟာ ပွဲပြီးချိန် နီးလာတာနဲ့ အမျှ အာဆင်နယ်အသင်းရဲ့ ဖိအားပေးမှုကို အသည်းအသန် ခံနေရပါတယ်။ အနိုင်ရဖို့ ကြိုးစားလာတဲ့ အာဆင်နယ်ဟာ ဂီရော့ဒ်ကို ထုတ်ပြီး နစ်ကလပ်စ် ဘန့်တနာ ဝင်ရောက် ကစားစေခဲ့ပါတယ်။
 
၈၇ မိနစ်မှာ ဖလာမီနီတစ်ယောက် ဂိုးဧရိယာ အပြင်ဖက်ကနေ ကန်သွင်းခဲ့ပေမယ့် ကန်ချက် ပျော့နေခဲ့ပြီး မိုင်ဟီးလ် အသာအယာ ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ အာဆင်နယ်အသင်းက ဖိအားပေး တိုက်စစ်ဆင်နေပေမယ့် ဝက်စ်ဘရွန်းအသင်းကလည်း ပိတ်ခံနေတဲ့ အနေအထားမဟုတ်ပဲ တန်ပြန် တိုက်စစ်ဆင်နေတဲ့အတွက် ပွဲက ကြည့်ကောင်းနေခဲ့ပါတယ်။ နာကျင် အချိန်ပို ၉၃ မိနစ်မှာ အာဆင်နယ် နောက်ခံလူ ကိုဆီယယ်လ်နီဟာ ဧရိယာထဲမှာ မလိုအပ်ပဲ မလွမ်ဘူ ကို ဘော်ဒီတိုက်ခဲ့တာဟာ အင်မတန် အန္တရာယ်များတဲ့ အနေအထား ဖြစ်ပါတယ်။ ဘောလုံး မလာခင်မှာ နောက်ကနေ ဘော်ဒီ ခုခဲ့တာ ဖြစ်တဲ့အတွက် ပယ်နယ်တီ မပေးလိုက်ရတာဟာ ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ အဖြစ်အပျက်က ပြင်းပြင်းထန်ထန် မဟုတ်တဲ့အတွက် ကွင်းလယ်ဒိုင်အနေနဲ့ ပယ်နယ်တီ မပေးတာဟာ အပြစ်တင်စရာ ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ကြတော့ပဲ သရေ ရမှတ် တစ်မှတ်စီ ခွဲယူခဲ့ကြရပါတယ်။
 
ဒီနေ့ပွဲမှာ ဝက်စ်ဘရွန်း အသင်းဟာ အာဆင်နယ်အသင်းကို ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့တာ မဟုတ်ပဲ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲခဲ့တာဟာ ထူးခြားမှု တစ်ခုပါ။ အသင်းကြီး တစ်သင်းနှင့် တွေ့ပေမယ့် အိမ်ကွင်းမှာ အနိုင်ကစားဖို့ ရည်မှန်းထားကြပုံပါပဲ။ ဂိုးပေါက် ခြိမ်းခြောက်မှု အပြန်အလှန် ရှိခဲ့ကြပြီး တစ်ဖက် ၅ လုံးစီ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့ကြပါတယ်။ ဝက်စ်ဘရွန်းအသင်းက ဒေါင့်ကန်ဘော ၆ ကြိမ်အထိ ရခဲ့ပြီး အာဆင်နယ်အသင်းက ၂ ကြိမ်သာရခဲ့တာကို ကြည့်ရင် ဝက်စ်ဘရွန်းအသင်းရဲ့ ကြိုးစား အားထုတ်မှုကို မြင်သာပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ သရေ တစ်မှတ် ရယူလိုက်နိုင်တဲ့အတွက် ပွဲစဉ် ၇ ပွဲအပြီးမှာ ရမှတ် ၁၆ မှတ် ရပြီး လီဗာပူးလ်အသင်းထက် ဂိုးအသာနဲ့ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါ တယ်။
Written by အောင်စိုးမိုး(နတ်ရွာ) 

0 comments:

Post a Comment