Friday, October 4, 2013

ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းမှု များကြောင့် ပျမ်းမျှနေ့စဉ် လူငါးဦးကျော် သေဆုံး


ပြည်တွင်း၌ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းသူများနှင့် ဆက်စပ်ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် ဆိုင်ကယ်စီးသူဦးရေ ငါးဦးကျော် နေ့စဉ်သေဆုံး နေမှုကြောင့် ဆိုင်ကယ်စီးနင်းသူများ အားလုံးကို စစ်ဆေးပြီး ဆိုင်ကယ်ဦးထုပ်များကို အောက်တိုဘာ ၁ ရက်မှ စတင်၍ အခမဲ့ ပေးဝေနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ်များတွင် သေဆုံးသူ ဦးရေ ၈၅၇၄ ရှိခဲ့ပြီး ယင်းအနက် ၄၂၈၇ မှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ပြည်တွင်းမှာ နေ့စဉ်ယာဉ်တိုက်မှု ဖြစ်စဉ်တွေကြောင့် သေဆုံးသူဦးရေနဲ့ ဒဏ်ရာရတဲ့သူဦးရေ တိုးလာတယ်။ ၂၀၁၂ ခုနှစ်အ တွင်းမှာတစ်နေ့ကို သေဆုံးသူဦးရေ ပျမ်းမျှ ၉ ဒသမ ၀၉ နှုန်းရှိခဲ့တယ်။ အခု ၂၀၁၃ ခုနှစ် မှာတော့ တစ်နေ့ကို ၁၀ ဒသမ ၃ ဦးအထိ ရှိလာခဲ့တယ်။ အဲဒီလို နေ့စဉ်သေဆုံးနေတဲ့လူ ဦးရေရဲ့ ရာခိုင်နှုန်း ၅၀ ကျော်က ဆိုင်ကယ် မောင်းနှင်သူတွေ ဖြစ်တယ်။ အများစုကလည်း ဆိုင်ကယ်ဦးထုပ် မဆောင်းထားလို့ သေဆုံးခဲ့တယ်။ ဒါကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပြည်တွင်းက အလှူရှင်တွေ ပူးပေါင်းပြီးတော့ ဆိုင်ကယ်စီးတဲ့ သူတွေကို ဆိုင်ကယ် ဦးထုပ်တွေ အခမဲ့ ပေးဝေနေပါတယ်''ဟု ၎င်းက ပြောကြားသည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၉၇၆၂ ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ဦးရှိခဲ့ကာ သေဆုံး သူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်းယာဉ်တိုက် မှုဖြစ်စဉ် ၁၁၆၄၉ ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ ရှိသူ ၁၉၇၂၆ ဦးရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ဦးရှိခဲ့ကာ သေဆုံး သူ ၂၄၃၇ ဦးရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ယာဉ်တိုက်မှု ဖြစ်စဉ်တွေကြောင့် သေ ဆုံးသွားတဲ့သူတွေက အသက် ၁၀ နှစ်ကနေ ၄၀ ၀န်းကျင်ရှိတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် လူ့စွမ်းအား အရင်းမြစ်တွေ လျော့ကျခဲ့တယ်။ သေဆုံး၊ ဒဏ်ရာရမှုတွေ လျော့ကျစေဖို့အတွက် ယာဉ်မဆင်မခြင် မောင်းနှင်သူတွေနဲ့ စည်းကမ်းဖောက် မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ယာဉ်ထိန်းတရားရုံးက ထိရောက်တဲ့ပြစ် ဒဏ်တွေချမှတ်သွားမယ်။ ပြီးတော့ ဦးထုပ် မပါဘဲ ဆိုင်ကယ်စီးနင်းတဲ့ သူတွေကို အရေး မယူတော့ဘဲနဲ့ ဆိုင်ကယ်ဦးထုပ်တွေကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့အထိ အခမဲ့ ပေးသွားမယ်။ ပညာပေးမှု တွေကိုလည်း ပိုပြီးလုပ်ဆောင်သွားမယ်''ဟု ရဲမှူးကြီး ကျော်ထွေးက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ ဆိုင်ကယ်စီးနင်းသူများကို လစဉ်ပထမပတ်အတွင်း အစီအစဉ်၏ ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ ဆိုင်ကယ် ဦးထုပ်များကို ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူး ကြီးလင်းထွဋ်က ''ရန်ကုန်မြို့မှာတော့ ဆိုင်ကယ်စီးခွင့် မပြုထားတဲ့ အတွက် စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာ စီးနင်းတဲ့သူတွေကို ပေးသွားမှာ ဖြစ်ပါတယ်'' ဟု အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။

အောက်တိုဘာ ၁ ရက်တွင် ဆိုင်ကယ်ဦးထုပ် မပါဘဲ ဆိုက်ကယ်စီးနင်းနေသူ ၇၀၀ ကျော်ကို ဦးထုပ်အခမဲ့ ပေးဝေးခဲ့ကြောင်း သိရသည်။

Eleven Media Group

ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးနင်းသူတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးမှုမြင်ကွင်း

0 comments:

Post a Comment