"ကိုယ်ဖြစ်ချင်တာလေးတစ်ခုကို
ဦးစားပေးခဲ့မိတဲ့အတွက် ကိုယ်မဖြစ်ချင်တာတွေ ဖြစ်လာတတ်တယ်။
ကိုယ်လုပ်ချင်တာလေး တစ်ခုအတွက်နဲ့ ကိုယ်မလုပ်ချင်တာတွေ လုပ်နေရတတ်တယ်။
ဘာပဲလုပ်လုပ် စဉ်းစားဆင်ခြင်ပြီး လုပ်တာ အကောင်းဆုံးပါပဲ"
အထက်ပါ
အဆုံးအမ သြ၀ါဒလေးကို ကျွန်တော်တို့ကို ငယ်စဉ် ကျောင်းသားဘ၀က စာသင်ပေးခဲ့တဲ့
ဆရာတစ်ယောက်က သူ့ကိုကန်တော့တိုင်း ပေးနေကျ "အဆုံးအမလေး" တစ်ခုပါ။
တန်ဖိုးရှိတဲ့ အဆုံးအမလေး တစ်ခုဖြစ်တာကြောင့် ယနေ့အထိ ခေါင်းထဲမှာ
စွဲမြဲနေတုန်းပါ။ ကျွန်တော်တို့ လူသားတွေက ပုထုဇဉ်တွေပီပီ ဖြစ်ချင်တာတွေ၊
လုပ်ချင်တာတွေက ဘ၀မှာအများကြီးပါ။ တစ်ခါတလေမှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
ဘယ်ဟာကို ဦးစားပေးရမှန်း မသိရတော့လောက်အောင် ဆန္ဒတွေက များခဲ့ကြပါတယ်။
ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ တစ်ထပ်တည်း
မကျတဲ့ဘ၀က လိုအပ်ချက်တွေ ပြည့်စုံဖို့ နည်းလမ်းမျိုးစုံနဲ့
ဖြည့်ဆည်းတတ်ကြပါတယ်။ ဒါပေမဲ့ တချို့တချို့သော ဖြည့်ဆည်းမှုတွေဟာ
"အမှားတွေနဲ့" ပါ။ အဲဒီ အမှားတွေကို လွယ်လွယ်ကူကူနဲ့ တဒင်္ဂလေးအတွင်းမှာ
ကျူးလွန်မိတတ်ကြပါတယ်။ အဲဒီအမှားတွေကြောင့် ဆုံးရှုံးမှုတွေ၊ ပေးဆပ်ရမှုတွေက
တန်းစီပြီး ကျူးလွန်တဲ့သူနောက်ကို လိုက်လာတော့တာပါပဲ။
ပြီးခဲ့တဲ့ရက်တွေက မန္တလေးမှာဖြစ်ခဲ့တဲ့ သုံးလောင်းပြိုင် လူသတ်မှုမှာဆိုရင်
အသက် ၂၀ ၀န်းကျင် လူငယ်တွေရဲ့တဒင်္ဂဖြတ်လမ်းနည်းတွေ သုံးခဲ့မိလို့
မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာပါ။ တခြားတခြားသော ဒုစရိုက်မှုတွေဟာလည်း "တစ်ခဏတာ"
လေးကို ကြည့်ပြီး ဖြစ်ချင်တာကို ဦးစားပေးခဲ့မိလို့ မဖြစ်ချင်တာတွေ ဖြစ်လာ
ကြုံလာရတော့တာပါပဲ။ ဖြစ်ချင်တာလေးတစ်ခုက လူတစ်ယောက်ရဲ့စိတ်ကို "ရက်စက်
ကြမ်းတမ်းအောင်၊ လောဘရမ္မက် ကြီးသွားအောင် လွှမ်းမိုးသွားခဲ့တယ်"။
တစ်ခဏဆိုတဲ့ ကာလတိုလေးနဲ့ တစ်ဘ၀ဆိုတဲ့ ကာလရှည်ကို ခွဲခြားသိမြင်ဖို့
လိုအပ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို တဒင်္ဂလေးအတွင်းမှာ
မလုပ်ဆောင်မိစေဖို့ စဉ်းစားဆင်ခြင်ရမှာပါ။ မစဉ်းစား မဆင်ခြင်နိုင်ဘူးဆိုရင်
ကိုယ်မဖြစ်ချင်တာတွေနဲ့ ဘ၀မှာကြုံရတော့မှာပါ။
ကျင်လည်ဖြတ်သန်းနေရတဲ့ လူမှုလောကကြီးမှာ သတိထားပြီး နေထိုင်ပြုမူသွားရမယ့်
အရာတွေက အများကြီးပါ။ ကိုယ့်ရဲ့ စိတ်ကို နိုင်အောင် ထိန်းချုပ်ဖို့လည်း
လိုအပ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူတစ်ယောက်ရဲ့ စိတ်ကိုေ၀၀ါး
ထွေပြားနိုင်လောက်အောင် လူတစ်ယောက်ရဲ့ စိတ်ကို ပုံမှန်မဟုတ်အောင်
ဖန်တီးလှုံ့ဆော်ပေးတဲ့ ပစ္စည်းဝတ္ထုတွေကလည်း အများကြီးပါ။ မှားနိုင်တဲ့
အခွင့်အလမ်းတွေကလည်း အများကြီးပါပဲ။
အရက်သေစာနဲ့ မူးယစ်ဆေးဝါး
မျိုးစုံကလည်း လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲစေပါတယ်။ မကောင်းတဲ့
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲစေတာပါပဲ။
"ယာနိသော မနသိကာရ" လို့ခေါ်တဲ့ မိမိစိတ်ကို မျှမျှတတ နှလုံးမသွင်းနိုင်ဘူး
ဆိုရင်လည်း အမှားတွေ ကျူးလွန်တတ်မိတာပါပဲ။ လူဆိုတာ "အမှားနဲ့
မကင်းနိုင်ဘူး" ဆိုပေမယ့် တစ်ခါတလေမှာ တစ်ခဏလေးအတွင်းမှာ ကျူးလွန်မိခဲ့တဲ့
အပြစ်တွေဟာ တစ်ဘ၀လုံးစာအထိ"အမည်းစက်ကြီး"စွန်းထင်း သွားတတ်ပါတယ်။ တစ်ခဏနဲ့
တစ်ဘ၀စာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့
နိုင်ငံမှာလည်း လူတစ်ယောက်ရဲ့ ပင်ကိုစိတ်ကို ပျောက်ဆုံးစေတဲ့ အရက်သေစာနဲ့
မူးယစ်ဆေးဝါးမျိုးစုံကလည်း အမျိုးအမည်များစွာ၊ အသွင်အပြင်မျိုးစုံနဲ့
လူထုကြားမှာ တွင်တွင်ကျယ်ကျယ် ရောက်ရှိနေတာကြောင့် မှားဖို့၊
အမှားကျူးလွန်ဖို့ အခွင့်အလမ်းတွေက အများကြီးပါ။"ဘယ်သူသေသေ ငတေ
မာရင်ပြီးရော"ဆိုတဲ့ စိတ်ဓာတ်နဲ့
စီးပွားရေးသမားအချို့ရဲ့"အကျိုးအမြတ်ကြည့်ပြီး အကျိုးအပြစ်
မကြည့်တဲ့"လုပ်ငန်း လုပ်ရပ်တွေကလည်း အများကြီးပါပဲ။
ဒီလို
ရှေ့နောက်မဆင်ခြင်တဲ့ အကျိုးအပြစ်မကြည့်တဲ့ ရလဒ်တွေက ငယ်ငယ်ရွယ်ရွယ်နဲ့
ဆေးစွဲ၊ အရက်စွဲနေတဲ့ လူငယ်တွေ။ မူးယစ်ဆေးဝါးမျိုးစုံ အရက်ဘီယာမျိုးစုံ
သုံးစွဲတတ်တဲ့ လူငယ်တွေ၊ ထိလွယ်ရှလွယ် ပြဿနာဖြစ်လွယ်လာတဲ့ လုပ်ရပ်တွေ၊
ထင်ထားစရာမရှိတဲ့ ဆန်းပြားလာတဲ့ မှုခင်းတွေဟာ လူမှုဝန်းကျင်မှာ
မရိုးအီနိုင်အောင် ကြားနေရမြဲပါ။ အမှားနွံကို ကြာကြာမနင်းမိစေဖို့ သတိထား
နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ဘ၀မှာ
လူတစ်ယောက်အတွက် ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ ဘယ်လောက်များများ၊
လွယ်လွယ်မဖြစ်တတ်တာ၊ လွယ်လွယ်နဲ့ မပြည့်စုံတတ်တာ သဘာဝပါပဲ။
အဲဒီအတွက်"ဖြတ်လမ်း"တွေ သုံးလာကြတယ်။ တဒင်္ဂနည်းလမ်းတွေ သုံးလာကြတယ်။
ဒုစရိုက်မှုတွေကို"ထင်ရက်စရာ မရှိလောက်အောင်" လူကြီးလူငယ်မရွေး
ကျူးလွန်လာကြတယ်။ ဖြတ်လမ်းဆိုတာ လမ်းမှန်လောက် မရိုးရှင်းဘူးဆိုတာကို
လေးလေးနက်နက် မစဉ်းစားနိုင်အောင် တဒင်္ဂခဏဆိုတာကို ဦးစားပေးခဲ့ကြတယ်။
နောက်ဆုံးမှာတော့ ဖြစ်ချင်တာလေး တစ်ခုကြောင့် မဖြစ်ချင်တာတွေ
ဖြစ်လာခဲ့ရတယ်။ လုပ်ချင်တာလေးတစ်ခု အတွက်နဲ့ မလုပ်ချင်တာတွေ
လုပ်နေခဲ့ရတာတွေပဲ ဖြစ်လာခဲ့တယ်။
ဖွံ့ဖြိုးဖို့
ကြိုးစားရုန်းကန်နေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်
လူငယ်တွေရဲ့စွမ်းအားကို လွန်စွာလိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက
လူငယ်တွေကို တစ်ခဏတာ ပျော်ရွှင်မှု နွံတွေထဲမှာ အမြဲ မနစ်မွန်းစေချင်ပါဘူး။
တက်လာတဲ့ အညွှန့်တွေကို ဖြတ်ချပစ်လိုက်သလိုမျိုး လူငယ်တွေရဲ့ အနာဂတ်ကို
ချိုးဖြတ်နေတဲ့ ပတ်ဝန်းကျင်တွေက အများကြီးပါပဲ။
ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေအနေနဲ့ အနာဂတ်ကို လှမ်းကြည့်နိုင်တဲ့
မျက်လုံးရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တာဝန်ရှိ
အစိုးရတစ်ရပ် အနေနဲ့လည်း နိုင်ငံရဲ့အနေအထား၊ ပြည်သူပြည်သားတွေရဲ့
အနေအထားကို ဆုတ်ယုတ် ပျက်စီးစေမယ့် အပြုအမူ၊ မူဝါဒတွေကို မချမှတ်မိစေဖို့
လိုပါတယ်။ လူငယ်၊ လူရွယ်၊ ပြည်သူပြည်သားဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။
တိုင်းပြည်ရဲ့ အနာဂတ်ကို ပျက်စီးစေမယ့် သွင်းကုန်ထုတ်ကုန်တွေ၊ မူဝါဒတွေကို
သတိပြုရမှာပါ။
တစ်ခဏတာအတွက် ကြည့်လို့မရပါ ဘူး။ တစ်သက်တာ၊
တစ်ဘ၀စာအတွက် ကြည့်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တစ်ခဏတာ
ရွေးချယ်မှုတွေ တစ်ခဏတာကိုပဲ နှစ်သက်တဲ့ သူတွေများလာခဲ့ရင် နိုင်ငံရဲ့
အနာဂတ် အလားအလာဟာ မကောင်းနိုင်ဘူးဆိုတာကို သိထားရပါမယ်။
"ကောက်သော်မစားလောက်၊ ဖြောင့်သော်မစားနိုင်"ဆိုတဲ့ စကားပုံလိုပါပဲ။
မမှန်ကန်တဲ့ နည်းလမ်းနဲ့ တစ်ခဏတာ ပြည့်စုံမှုကို ရှာဖွေတဲ့ သူတွေအနေနဲ့
ဘ၀မှာ လူတမ်းစေ့ ဆိုတာထက် လူရာဝင်ဖို့တောင် ခက်ခဲတတ်ပါတယ်။ ဖြောင့်မှန်တဲ့
ရွေးချယ်မှု၊ ဖြောင့်မှန်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့မယ်ဆိုရင် ဘ၀မှာ
ဂုဏ်သိက္ခာရှိရှိ နေသွားနိုင်ပါတယ်။ ကျွန်တော်တို့တွေအားလုံး
ဖြောင့်မှန်တဲ့လမ်းကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို စဉ်းစားဆင်ခြင်မှု စွမ်းအားနဲ့
ဝေဖန်စိစစ်နိုင်အောင် ကြိုးစားကြရပါမယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့
ဆန္ဒတွေကို စဉ်းစားဆင်ခြင် သုံးသပ်နိုင်ရပါမယ်။ တစ်ခဏတာ ပြီးပြည့်စုံမှုကို
ရွေးချယ်လို့ မရနိုင်ပါဘူး။ တစ်သက်စာ တစ်ဘ၀စာအတွက် အနာဂတ်မျက်စိနဲ့
ရွေးချယ်နိုင်ရပါမယ်။ ကျွန်တော်တို့ရဲ့ဘ၀မှာ ဖြစ်ချင်တာလေးတစ်ခုနဲ့
မဖြစ်ချင်တာတွေ ဖြစ်မလာရအောင်၊ လုပ်ချင်တာလေးတစ်ခုနဲ့ မလုပ်ချင်တာတွေ
မလုပ်ရအောင်၊ စဉ်းစား ဆင်ခြင်ပြီး နေထိုင်သွားကြရမှာပါ။ တစ်ခဏနဲ့ တစ်ဘ၀၊
တစ်ဒင်္ဂနဲ့ ထာဝရ မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။
Eleven
0 comments:
Post a Comment