သံတွဲမြို့နယ်တွင်
ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဒေသတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေး
ဆုံးရှုံးနစ်နာမှု များနှင့် တွေ့ကြုံနေ ရသဖြင့် ပဋိပက္ခမျာ အဆုံးသတ်ပေးရန်
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်-ဖ်)က အောက်တို ဘာ ၇ ရက်စွဲဖြင့်
သတင်းထုတ်ပြန် တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၁၂
ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့်
မိသားစုနေအိမ်များ ရွှေ့ပြောင်း နေထိုင် ရသည်များလည်း ရှိသည်။ ထို့အပြင်
လတ်လလောအခြေအနေတွင် သံတွဲမြို့ပေါ်နှင့် ကျေးရွာ များတွင် ဖြစ်ပွားခဲ့သော
ပဋိပက္ခများကြောင့် ဒေသတွင်းရှိ မိသားစုနေအိမ်များ ရွှေ့ပြောင်းရခြင်းနှင့်
ကလေးငယ် များ လုံခြုံမှုကင်းမဲ့ခြင်းတို့ ကြုံတွေ့လျက်ရှိသည်။ ယင်းအပြင်
အဆိုပါကလေးငယ်များ၏ ပညာရေးကဏ္ဍကိုလည်း များစွာထိခိုက်မှုများရှိနေသဖြင့်  ပဋိပက္ခများ ရပ်တန့်ပေးရန် ယူနီဆက်အဖွဲ့က ထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သ ည်။
ယင်းအစီရင်ခံစာတွင်
ယူနီဆက်ဌာနေ ကိုယ်စားလှယ်ဖြစ်သူ မစ်္စတာ ဘာထရန် ဘိန်းဗဲလ်က “မိမိဒေသမှ
အခြားနေရာများ သို့ ရွှေ့ပြောင်းခြင်းဟာ ကလေးတွေအတွက်
မိသားစုနဲ့ခွဲခွာရဖို့၊ အိမ်တွင်း အကြမ်းဖက်ခံရဖို့
ကျောင်းမနေနိုင်ဖို့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ
ထိခိုက်မှုတွေပါ တွေ့ကြုံရမယ့် အန္တရာယ်ပိုများစေပါတယ်” ဟု ပြောဆိုထားသည်။
သံတွဲမြို့နယ်အတွင်းရှိ
ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နှစ်ဖက် လူ့အဖွဲ့အစည်းမှ မိသားစုများသည်
မူလနေရာများတွင် မနေထိုင်ရဲတော့ဘဲ မိမိလူမျိုးစုအသီးသီးဆီသို့
သွားရောက်နေထိုင်လျက်ရှိသည်ဟု ဒေသဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ က
ပြောသည်။
သံတွဲမြို့နယ်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က “မီးတွေလောင်တဲ့ရွာတွေမှာ
အချို့မနေရဲတော့ဘူး။ အချို့လည်းနေသေးတယ် ယာယီတဲတွေ ထိုးပေးထားပါတယ်။
အခြားရွာတွေမှာ ခိုလှုံနေတဲ့ မိသားစုတွေကိုလည်း နှစ်ဖက်စလုံးကို
လှူဒါန်းမှုတွေ ပြုနေပါတယ်” ဟု မဇ္ဈိမကိုပြောသည်။
စက်တင်ဘာလကုန်ပိုင်းတွင်
သံတွဲမြို့နယ်ကျေးရွာ ငါးရွာခန့်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်
စာသင်ကျောင်းများ ပိတ်ထားရပြီး ကျောင်း သားကျောင်းသူများ ပညာသင်ကြားမှု
နှောင့်နှေးလျက်ရှိကြောင်းကိုလည်း
သံတွဲမြို့ အ-ထ-က ၁ င/ကျော်တောင်ကျောင်းမှ အလယ်တန်းပြဆရာ ဦးခင်မောင်အေးက
“မြို့ ပေါ်ကျောင်းတွေကတော့ လုံခြုံရေးရှိလို့ ဖွင့်နိုင်ပေမယ့်
ကျေးရွာတွေမှာ နှစ်ရွာသုံးရွာပေါင်းမှ စာသင်ကျောင်း တစ်ခုပဲရှိတဲ့အခါ
တစ်ရွာနဲ့ တစ်ရွာ မသွားမလာရဲ၍ ကျောင်းတက်ရဖို့ မလွယ်ဘူး” ဟု
လက်ရှိအခြေအနေနှင့် စပ်လျဉ်းပြီးပြောသည်။
ပဋိပက္ခများသည်
ဝါဒဖြန့်မှု လှုံ့ဆော်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းရှိ
ကလေးငယ်များအတွက် ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း ယူနီဆက်(ဖ်)အဖွဲ့၏
ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ဌာနေ
ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဘာထရန်ဘိန်းဗဲလ်က အမုန်းစကားတွေ
ဝါဒဖြန့်မှုတွေနဲ့ ပြဿနာဖြစ်ပွားအောင် လှုံ့ဆော်မှုတွေဟာ
ဆူပူအကြမ်းဖက်မှုတွေကို ကျူးလွန်စေပါတယ်။ တကယ်တမ်း
ဒုက္ခရောက်တာကတော့ ကလေးသူငယ်တွေပါပဲ”ဟု ဆိုသည်။
စက်တင်ဘာ
၂၈ ရက်က လူအုပ်စုနှစ်စုကြား အငြင်းပွားမှုမှ စတင်ဖြစ်ပွားခဲ့သော
သံတွဲပဋိပက္ခတွင် လူမျိုးစုနှစ်စုပေါင်း၏ အိမ်ခြေ ၁၁၀ ခန့်ပျက်စီးခဲ့ပြီး
ကျေးရွာအများစု လုံခြုံမှုကင်းမဲ့လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
သံတွဲမြို့ပေါ်နှင့်
ငပလီကမ်းခြေဒေသများတွင် ရဲတပ်ရင်းနှင့် စစ်တပ်အင်အား စုစုပေါင်း ၄၀၀
ကျော်ထားရှိသေးသော်လည်း ကျေး ရွာများတွင် လုံခြုံရေးများ ပြည့်ဝစွာ
မထားရှိနိုင်ဟု သံတွဲခရိုင်ရဲမှူးကြီး ဦးကျော်တင့်က မဇ္ဈိမကို
ယခုလအတွင်းတွင် ပြောကြားထားသည်။
ကေဇင်ဦး
Mizzima - News in Burmese
0 comments:
Post a Comment