NLD ပါတီ ရုံးချုပ်တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်ကျင်းပသည့်
တိုင်းရင်းသား ပါတီ များနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က
NLD ပါတီနှင့် တိုင်းရင်းသား ပါတီများကြား အထင်လွဲမှားမှုများ
မဖြစ်ပေါ်စေချင်ကြောင်းနှင့် နားလည်မှုများသာ ရရှိစေချင်ကြောင်း
ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခင်က
တိုင်းရင်းသား အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်မှုများ ရှိခဲ့သော်လည်း
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ ကချင်ပြည်နယ်တွင်
ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ပြတ်သားသော ပြောကြားမှုများ
မရှိခဲ့ခြင်းအပေါ် တိုင်းရင်းသားများဘက်မှ ဝေဖန်မှုများ ရှိခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်က NLD က ဘာပဲပြောပြော အင်အားကြီး ပါတီတစ်ခု
အနေအထားမှာရှိတော့ တိုင်းရင်းသားပါတီတွေ အနေနဲ့ NLD ကြားမှာ
အထင်လွဲမှားမှုတွေ မဖြစ်စေချင်ဘူး။ နားလည်မှုတွေ ရစေချင်တယ်။
ထိတွေ့ဆက်ဆံမှုတွေ စဉ်ဆက်မပြတ် ရှိစေချင်တယ်လို့ ပြောတယ်။ ဒီဟာကို
ဒီနေ့တွေ့ဆုံကြတဲ့ သူတွေအားလုံးကလည်း သဘောတူတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
NLD ပါတီနှင့် တိုင်းရင်းသား ပါတီများကြား ပူးပေါင်းဆက်ဆံမှုများ
ရှိလာသည်မှာ နှစ်ပေါင်းဆယ် စုနှစ် ကျော်လာပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်
ပဋိပက္ခများ၊ ကချင်ပြည်နယ် ကိစ္စများတွင်မူ အမြင် မတူမှုများ ရှိခဲ့ကြောင်း၊
သို့သော် ဖွဲ့စည်းပုံပြင်ဆင်လိုသည့် ကိစ္စတွင်မူ တိုင်းရင်းသားများနှင့်
အမြင်တူ သည့်အတွက် သဘောတူညီမှုရှိကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
"နိုင်ငံရေးပါတီ အားလုံးကတော့ တစ်ထပ်တည်း မကျနိုင်ဘူးပေါ့။ ဒါပေမဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စမှာတော့ NLD ကလည်း ပြင်ချင်တယ်။
တိုင်းရင်းသားတွေကလည်း ပြင်ချင်တယ်။ ဘယ်လိုပြင်မလဲ ဆိုတဲ့ ကိစ္စမှာလည်း
အရင့်အရင် ပြောခဲ့ဆိုခဲ့တာတွေလည်း ရှိတယ်။ တိုင်းရင်းသားပါတီတွေကတော့
လွှတ်တော်ပြင်ပကနေ ပြင်ဆင်ဖို့ ကြိုးစားမယ်လို့ ဆွေးနွေးခဲ့တာတွေလည်း
ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်သည် ပြီးခဲ့သည့် ဇွန် ၁၈ ရက်ကလည်း
၎င်း၏နေအိမ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့မှ
တိုင်းရင်းသားအဖွဲ့ ငါးဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု
တည်ထောင်ရေး၊ ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Eleven
0 comments:
Post a Comment