Saturday, September 7, 2013

FMI အိမ်ရာအတွင်း သိန်းရာချီ ဖောက်ထွင်းခံရမှုများ တရားခံမမိသေး

8.1.1
FMI City အိမ်ရာဝင်း တစ်နေရာအား စက်တင်ဘာ လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
လှိုင်သာယာမြို့နယ် FMI အိမ်ရာအတွင်း ကျပ်သိန်းရာနှင့်ချီ ဖောက်ထွင်းမှုများတွင် တရားခံများအား ဖမ်း ဆီးနိုင်မှု မရှိသေးကြောင်း အိမ်ရာ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဖောက်ထွင်းခံရမှုများမှာ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းမှ စတင်ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက ကျပ်သိန်း ၂၃၀ နှင့် မေ ၃ ရက်က ကျပ်သိန်း ၅၈၉ ဖောက်ထွင်းခံခဲ့ရကာ ဧပြီလအတွင်း ကလည်း ပစ္စည်းမယူနိုင်ဘဲ ဖောက်ထွင်းခဲ့မှု တစ်မှုနှင့် အထက်ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
နေထိုင်သူများ၏ ပြောဆိုချက်အရ ဖောက်ထွင်းခံရမှု ဖြစ်စဉ်များမှာ တစ်ဒါဇင်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။
FMI City အိမ်ရာဝင်းမှ တာဝန်ရှိသူ တစ်ဦးက ''ခိုးမှုဖြစ်စဉ်တွေကို အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ပါဘူး။ သက်ဆိုင်ရာ နယ်မြေရဲစခန်းက တာဝန်ရှိသူတွေက အမြန်ဆုံး ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေ ပါတယ်'' ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ ဖောက်ထွင်းခဲ့သူများအား ဖမ်းမိခြင်း မရှိသေးမှုနှင့် တိုင်းကြားစဉ် ကာလအတွင်း ဖောက်ထွင်းခံရသည့် နေအိမ်များ ထပ်မံရှိသည့်အတွက် FMI အိမ်ရာအတွင်း လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း နေထိုင်သူများထံမှ သိရသည်။
မေလအတွင်းက ကျပ်သိန်း ၅၀၀ ကျော် ဖောက်ထွင်းခံခဲ့ရသည့် နေအိမ်ပိုင်ရှင်က ''ကျွန်တော် အိမ်က ကလေး နေမကောင်းလို့ ဆေးခန်းပြနေတဲ့ အချိန်အတွင်းမှာ ဖောက်ထွင်းခံခဲ့ရတာပါ။ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်။ အခုထိ ဘာမှထူးမလာသေးဘူး'' ဟု ဆိုသည်။
လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက'' တရားခံကို ဖမ်းဆီးရမိမှုမှာတော့ ပတ်ဝန်းကျင် နေထိုင်သူတွေရယ်၊ ဒီအိမ်ရာက နေထိုင်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေတယ်။ အခုက ကြန့်ကြာနေတယ် ဆိုတာကလည်း နေထိုင်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းချက် အချို့ကြောင့်လည်း ပါဝင်ပါတယ်'' ဟု ပြောကြားသည်။
''ကျွန်တော်တို့ အနေနဲ့ FMI အိမ်ရာမှာ လုံခြုံရေးတွေကို ၂၄ နာရီ ကင်းလှည့်ခိုင်း ထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးအင်အားက အိမ်ရာအကျယ်အ၀န်းအတွက် လောက်ငမှု မရှိသေးပါဘူး။ ဒီအတွက် ကျွန်တော်တို့ အမြန်ဆုံး အတွေ့အကြုံရှိတဲ့ လုံခြုံရေးတွေကို ခန့်သွားမှာ ဖြစ်ပါတယ်'' ဟု FMI အိမ်ရာ၏ (Estate Manager) ဖြစ်သူ ဦးအောင်မြင့်က ပြောကြားသည်။

Eleven

0 comments:

Post a Comment