Thursday, September 19, 2013

အသက်ကြီးခါမှ စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ဇနီးဖြစ်သူအား လှံနှင့်ထိုးရာမှ သေဆုံးသည့်ဖြစ်ရပ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် အသက် (၈၆) နှစ်ခန့် အဘိုးအိုက စိတ်မထိန်းနိုင်ဘဲ လင်မယားချင်း စကားများရာ ဒေါသ အလျောက် လှံရိုးနှင့်ရိုက်၊ လှံနှင့် ထိုးသောကြောင့် ဇနီးဖြစ်သူ သေဆုံး သွားသည့်ဖြစ်ရပ် စက်တင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ရဲအုပ်ဇော်ဇော်ဦး ပျဉ်းမနားမြို့မရဲစခန်းတွင် တာဝန်မှူး ထမ်းဆောင်နေစဉ် အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိပြီး ပျဉ်းမနား ခုတင် (၂၀၀) ဆံ့ ဆေးရုံသို့ ရောက် ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဒဏ်ရာရရှိ ထားသူမှာ ဒေါ်ယဉ်မြ (၅၈)နှစ် ပန်းခင်း(၂) ရွာကောက်ရပ်ကွက်နေသူဖြစ်ပြီး ၎င်းတွင် မျက်နှာဝဲ ဘက် ဖူးရောင် ဒဏ်ရာ၊ လည်ပင်း ပွန်းပဲ့ ဒဏ်ရာ၊ ဝဲနံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲ လက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာ များ ရရှိထားသည်ကို တွေ့ရပြီး မေးမြန်းရာ နေအိမ်တွင် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးကိုလေး (စက်ဘီး ပြင်သူ)နှင့် စကားများ ရန်ဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ခွဲခန့်တွင် ဦးကိုလေးက လှံရိုးနှင့် ရိုက်နှက်၍ လှံနှင့်ထိုးသဖြင့် အရေး ယူပေးပါရန် ရဲအုပ်ဇော်ဇော်ဦး က တိုင်တန်းသဖြင့် ပျဉ်းမနားမြို့မရဲစခန်းက (ပ) ၅၉၆/၂၀၁၃၊ ပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်ပြီး ဒုရဲအုပ် မိုးဆွေက စစ်ဆေးနေစဉ် ဒဏ်ရာရရှိထားသူ ဒေါ်ယဉ်မြမှာ စက်တင်ဘာ ၁၆ ရက် နံနက် ၂ နာရီတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံး သွားသဖြင့် အမှုအား ပုဒ်မ ၃၂၅/ ၃၂၆ မှ ပုဒ်မ ၃၀၂ သို့ ပြောင်းကာ ဒုရဲမှူး မျိုးသန်းဝင်းက တရားခံအား ဖမ်းဆီးထားပြီး အမြန်ဆုံး တရား စွဲတင်ပို့ရန် စီစဉ်လျက်ကြောင်း သိရ သည်။

မင်းမင်းလတ် (မန်းတက္ကသိုလ်).
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment