Thursday, September 19, 2013

လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ဆေးမှားယွင်း ကုသသည့် ဆရာဝန်များအား တိုင်ကြားသည့် စာများအပါအ၀င် တိုင်ကြားစာပေါင်း ၄၀၀၀ နီးပါး လူ့အခွင့်အရေး ကော်မရှင်ထံသို့ ရောက်ရှိ


လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့် ဆေးမှားယွင်း ကုသသည့် ဆရာဝန်များအား တိုင်ကြားသည့် တိုင်ကြား စာများ အပါအ၀င် တိုင်ကြားစာပေါင်း ၄၀၀၀ နီးပါး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက စက်တင်ဘာ ၁၈ ရက်တွင် သတင်းထောက်များသို့ ပြောကြားသည်။

စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်၌ ပြုလုပ်သည့် ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲနှင့် စာကြည့်တိုက်ဖွင့်ပွဲဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးဝင်းမရက သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီ အစိုးရသစ် ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ စတင်ဖွဲ့စည်းသည့် အချိန်မှ လက်ရှိအချိန်အထိ နှစ်နှစ်တာ ကာလအတွင်း ကော်မရှင်သို့ တိုင်ကြားစာပေါင်း ၄၀၀၀ နီးပါး ရောက်ရှိခဲ့ကြောင်း၊ ရောက်ရှိလာသည့် တိုင်ကြားစာများကို စိစစ်မှုများ ပြုလုပ်ကာ အထောက်အထား ခိုင်လုံသည့် တိုင်ကြားစာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှတစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ဆက်လက် ဆောင်ရွက်နိုင်ရန် ပေးပို့ခဲ့ကြောင်း ဦးဝင်းမရက ဆိုသည်။

''တိုင်စာတွေ အများကြီး ရရှိပါတယ်။ ရရှိတဲ့ တိုင်စာတွေထဲက လယ်မြေသိမ်းတာတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရရှိပါတယ်။ သိတဲ့အတိုင်းပဲ အခုအချိန်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ အခါကျတော့ မြေတန်ဖိုးတွေ အများကြီး တက်လာပါတယ်။ စီးပွားရေး လုပ်ချင်တဲ့ သူတွေကလည်း မြေနေရာရအောင်လုပ်ဖို့ ခက်လာပါတယ်။ ဒါ့ကြောင့် မြေသိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ တော်တော်များများ ဖြစ်လာပါတယ်။ အများကြီး ရတဲ့အထဲမှာ လယ်မြေ သိမ်းမှုတွေ ပါတယ်လို့တော့ ပြောချင်ပါတယ်။ တခြားတိုင်ကြား မှုတွေလည်း ရှိပါတယ်။ အဲဒါတွေက ရဲနဲ့ပတ်သက်ပြီးတော့ တိုင်ကြားမှုရှိတယ်။ ပြဿနာတွေဖြစ်လို့ ဖမ်းဆီးတဲ့ အခါမှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်။ ဒါကို မကျေနပ်လို့ တိုင်ကြားတာရှိတယ်။ Private ဆေးခန်းတွေမှာ ဆရာဝန်တွေ မှားမှားယွင်းယွင်း ကုသတာကို မကျေနပ်လို့ တိုင်ကြားတာတွေရှိတယ်။ မြေ စတဲ့ ရောင်း၊ ၀ယ်၊ ငှားရမ်းခြင်းကို မကျေနပ်လို့ တိုင်ကြားတာတွေ ရှိတယ်။ လယ်မြေကိစ္စ ဆိုတာကတော့ မြေဈေးက တက်လာတဲ့အတွက် လူတွေကလည်း ထစ်ခနဲဆို တိုင်ကြတယ်။ တိုင်ကြားမှုဆိုရင် မှန်ကန်မှု ရှိ၊ မရှိ၊ အခြေအမြစ် ရှိ၊ မရှိ ကျွန်တော်တို့က စိစစ်ရပါတယ်။ ကျွန်တော်တို့ စိစစ်ပြီးရင် သက်ဆိုင်ရာ ၀န်ကြီး ဌာနတွေက ဆက်လက် ကိုင်တွယ်ဆောင်ရွက် သွားနိုင်အောင် တင်ပြပေးပါတယ်'' ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားသည်။

ဆက်လက်၍ ၎င်းက ''လူအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး တိုင်ကြားတယ်ဆိုတဲ့ ကိစ္စတွေ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၊ ၅၀ လောက်ကစပြီး မရှိခဲ့ဘဲ အခုမှ ဆိုတော့ တိုင်ကြားမှုတွေကို ချက်ချင်းကြီး အဖြေပေးလို့ မရပါဘူး။ ၀န်ကြီးဌာနတွေမှာ ပြန်စိစစ်မှာ ဖြစ်တယ်။ ဒီလုပ်ထုံးလုပ်နည်းက ကျွန်တော်တို့ နိုင်ငံမှာ အခုမှ စခဲ့တာဆိုတော့ အဓိက ကျွန်တော်ပြောချင်တာက လူ့အခွင့်အရေး ချိုးဖောက် ခံရတယ် ဆိုပြီး တိုင်ကြားလာရင် လျစ်လျူရှုထားလို့ မရတော့ဘူး။ ဒါအရေးကြီးတယ်လို့တော့ မြင်ပါတယ်။ လူ့အခွင့် အရေး ချိုးဖောက်ခံရတယ်လို့ တိုင်ကြားပါ။ ဒါဆိုရင် ကျွန်တော်တို့ တတ်နိုင်သမျှ ဂရုစိုက် နားထောင်ပေး မယ်။ စိစစ်ပေးမယ်။ တကယ်ဖောက်ဖျက်ခဲ့တာ မှန်တယ်ဆိုရင် သက်ဆိုင်ရာကို အလေးပေး တင်ပြပြီး အရေးယူနိုင်အောင် ဆောင်ရွက်ပေးပါမယ်'' ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်သူများ အနေဖြင့် လူအခွင့်အရေးဆိုသည့် သဘောတရားကို သိရှိရန် လိုအပ်ပြီး မည်သို့သော ကိစ္စများ ပြုမူပါက လူ့အခွင့်အရေး ချိုးဖောက်သည့်ကိစ္စ ဖြစ်ကြောင်း သိရှိတိုင်ကြားနိုင်ရန် အသိပေးမှုများလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ဥက္ကဋ္ဌ ဦးဝင်းမရက တိုင်ကြားစာ ၄၀၀၀ နီးပါး လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားရောက်ရှိ လာသည်ကို ပြောကြားစဉ်)

Eleven Media Grloup

0 comments:

Post a Comment