၂၀၁၁ မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသတ်မှု၊
ဖောက်ထွင်းမှု၊ ခိုးမှု၊ လုယက်မှု စုစုပေါင်း ၃၄၁၁ မှု ဖြစ်ပွားခဲ့ပြီး ၂၇၈၅
မှုအား တရားခံ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကာ အမှု ၆၂၆ မှုမှာ တရားခံ မမိကြောင်း
စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
၂၀၁၁ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသတ်မှု ၁၅၅ မှု
ဖြစ်ပွားခဲ့ပြီး ၁၅၄ မှုကို တရားခံမိခဲ့ပြီး တစ်မှုတရားခံ မမိခဲ့ကြောင်း၊
ဖောက်ထွင်းမှု ၉၆ မှု ဖြစ်ပွားခဲ့ပြီး ၇၃ မှု တရားခံမိခဲ့ကာ ၂၃ မှု တရားခံ
မမိခဲ့ကြောင်း၊ ခိုးမှု ၁၄၄၉ မှုတွင် ၁၁၅၅ မှု တရားခံမိခဲ့ပြီး ၂၉၄ မှု တရားခံ
မမိကြောင်း၊ လုယက်မှု ၄၇ မှုတွင် ၃၇ မှု တရားခံမိကာ ၁၀ မှု မမိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
တင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ထို့အတူ ၂၀၁၂ ခုနှစ်အတွင်း လူသတ်မှု ၁၆၄ မှုဖြစ်ပွားခဲ့ပြီး ၁၆၂ မှုကို
တရားခံမိခဲ့ပြီး နှစ်မှုတရားခံ မမိခဲ့ကြောင်း၊ ဖောက်ထွင်းမှု ၁၈ မှု
ဖြစ်ပွားခဲ့ပြီး ၁၈ မှုလုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ခိုးမှု ၁၀၉၂ မှုတွင် ၉၄၀
မှု တရားခံမိခဲ့ပြီး ၁၅၂ မှု တရားခံမမိကြောင်း၊ လုယက်မှု ၃၀ မှုတွင် ၂၆ မှု
တရားခံမိကာ လေးမှုမမိခဲ့ကြောင်း သိရသည်။
လက်ရှိ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဧပြီလအထိ လူသတ်မှု ၃၈ မှုတွင် ၃၅ မှု
တရားခံမိခဲ့ကာ သုံးမှုမှာ တရားခံ မမိသေးကြောင်း၊ ဖောက်ထွင်းမှု နှစ်မှုတွင်
နှစ်မှုလုံး မိခဲ့ကြောင်း၊ ခိုးမှု ၃၁၄ မှုတွင် ၁၇၉ မှု ဖမ်းဆီးရမိခဲ့ပြီး ၁၃၅
မှု မမိသေးကြောင်းနှင့် လုယက်မှု ခြောက်မှုတွင် လေးမှုတရားခံမိခဲ့ပြီး
နှစ်မှုမမိသေးကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
တင်ဝင်းက ပြောကြားသည်။
သို့ရာတွင် ၂၀၁၁ မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း
ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ၂၆ မှုနှင့် မူးယစ်ဆေးဝါးမှု ၇၁၇ မှုတို့တွင်
တရားခံများအားလုံး ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်မှူးကြီးတင်ဝင်း၏
ပြောကြားချက်အရ သိရသည်။
ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များအတွင်း အများဆုံးမှာ ခိုးမှုဖြစ်ပြီး
ခိုးမှု ၂၈၅၅ မှုတွင် ၂၂၇၄ မှုသာ ဖမ်းဆီးရမိပြီး ၅၈၁ မှုမှာ တရားခံ
လွတ်မြောက်ဆဲ ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းလျော့နည်း ကျဆင်းရေးအတွက်
စီမံချက်များ ရေးဆွဲနေပြီး မှုခင်းလျော့နည်းရေး လုပ်ငန်းများ လုပ်ခဲ့သည့်
ကာလများအတွင်း ထူးခြားပြီး အများပြည်သူ စိတ်ဝင် စားကြသော အမှုများကို
ရဲတပ်ဖွဲ့ အတတ်ပညာနှင့် ခေတ်မီအိုင်တီ နည်းပညာများ ပူးပေါင်းပြီး
နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့သည့် အမှုအခင်းအချို့
ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment