Friday, September 6, 2013

လုပ်ငန်းရှင်များနှင့် သူရဦးရွှေမန်း တွေ့ဆုံစဉ် နိုင်ငံခြားသားငါးဖမ်းဆီးမှု သဘောမတူကြောင်း တင်ပြမည်

စီးပွားရေးလုပ်ငန်းရှင်များအသီးသီးနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ စက်တင်ဘာ ၈ ရက်၌တွေ့ဆုံမည့် အစီအစဉ်တွင် မြန် မာနိုင်ငံ ငါးဖမ်းလုပ်ငန်းရှင်များအသင်းက မြန်မာ့ရေပိုင်နက် အတွင်း နိုင်ငံခြားသား စက်လှေများ တရားဝင်ငါးဖမ်းဆီးမှုဆိုင်ရာ Fishing Rights (ငါးဖမ်းခွင့်) အား သဘောမတူကြောင်း တင်ပြ သွားမည်ဟု အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

ထိုင်းငါးဖမ်းစက်လှေများ မြန်မာပင်လယ်ပြင်အတွင်း တရားဝင် ၀င်ရောက်ဖမ်းဆီးနိုင်ရေးအတွက် ထိုင်း နိုင်ငံရေလုပ်ငန်းဝန်ကြီးဌာန က မြန်မာနိုင် ငံ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနထံ အဆိုပြုထားခြင်းကို ၀န်ကြီးဌာနက ပြည်တွင်းလုပ်ငန်း ရှင်များ၏ သဘောတူညီမှု တောင်းခံ ထားရာ သဘောထားပေးဆောင် ရွက်ခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

နိုင်ငံခြားငါးဖမ်းစက်လှေများ၏ ခေတ်မီ ငါးဖမ်းစက်ကိရိယာများမှာ သဘာဝငါးဖမ်းကိရိယာများထက် ပင်လယ်ပြင် ငါးသယံဇာတအား ပြုန်းတီးမှုလွယ်ကူစေခြင်း၊ နိုင်ငံခြား တရားဝင်ငါးဖမ်းစက်လှေများအား အမှီပြုကာ တရားမ၀င် ငါးဖမ်းစက်လှေများ ၀င်ရောက်ဖမ်းဆီးခြင်းနှင့် နိုင်ငံခြားသားငါးဖမ်းဆီးမှု ခွင့်ပြုလိုက် ပါက ပြည်တွင်းငါးဖမ်း လုပ်ငန်းရှင် အခက်အခဲများ ရင်ဆိုင်ရနိုင်ခြင်းများကြောင့် ငါးဖမ်းခွင့်ကို သဘောမတူခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

ဦးမောင်မောင်စိုးက “ထိုင်းနိုင်ငံက မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းဖို့အတွက်ကို လက်ခံမဖြစ်တဲ့ အကြောင်းတွေ အများကြီးရှိတယ်။ ဒါကို ၀န်ကြီးဌာနဆီလည်း စာတင်ထားပြီးပြီ။ အခု သူရဦးရွှေမန်းနဲ့ လုပ်ငန်းရှင်တွေ တွေ့တဲ့အခါမှာ ခွင့်ပြုလို့မဖြစ်တဲ့အကြောင်းအရာ အသေးစိတ်ကို တင်ပြသွား မှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်ကငါးဖမ်းခွင့်ကို နိုင်ငံခြားသားငါးဖမ်းစက်လှေ များအနေဖြင့် တရားဝင်မှတ်ပုံတင်၍ ၀င်ရောက်ဖမ်းဆီးပိုင်ခွင့်ပြုထားပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ မှတ်ပုံထားသည့် နိုင်ငံခြားသား ငါးဖမ်း စက်လှေများအား မှတ်ပုံတင်သက်တမ်းတိုးပေးခြင်း မပြုရန် မွေး/ရေ၊ ကျေးလက်ဝန်ကြီးဌာနက သတ်မှတ် လိုက်သည်။

ထိုင်း၊ ဘင်္ဂလားဒေ့ရှ်အပါအ၀င် နိုင်ငံခြား ငါးဖမ်းစက်လှေအများစု သည် မြန်မာ့ ပင်လယ်ပြင်တွင် တရားမ၀င် ငါးဝင်ရောက်ဖမ်းဆီးနေကာ ဖမ်းဆီးရမိသည့်ငါးများအား ပြည်တွင်း၌ ရောင်းချခြင်းမရှိဘဲ မိမိတို့၏ နိုင်ငံသို့ ပြန်လည်သယ်ယူသွားခြင်းများကြောင့် တိုင်းပြည်အတွက် များစွာနစ်နာမှု ရှိကြောင်း ဒေါက်တာ တိုးနန္ဒာတင်က ငါးလုပ်ငန်းအဖွဲ့ချုပ် ပုံမှန်အစည်းအဝေးတွင် မကြာခဏပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “အခုထုတ်ပြန် ထားတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေ FDI Law အရဆိုရင် ရေလုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေ ရာနှုန်းပြည့်ဝင် လုပ်လို့မရတော့ဘူး။ ဆိုတော့ ငါးဖမ်းတဲ့ကိစ္စမှာလည်း ပြည်တွင်းလုပ်ငန်း ရှင်တွေနဲ့ပဲ ပေါင်းလုပ်ရမယ့် သဘောဖြစ်သွားတယ်။ ငါးဖမ်းခွင့် ဆိုတာကိုလည်း ဒီအပေါ် အခြေခံပြီး ပြောမယ်ထင်တယ်”ဟု မှတ် ချက်ပြုပြောသည်။

မြန်မာ့ပင်လယ်ပြင်ငါးဖမ်းဆီးရမိမှုအနေအထားသည် ကုန်လွန်ခဲ့သည့် ၁၅ နှစ်ကျော် ကာလနှင့် နှိုင်းယှဉ် ပါက ယခုနောက်ပိုင်းတွင် သုံးချိုးနှစ်ချိုးခန့်အထိ လျော့ကျလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်အဖွဲ့အစည်း အဝေးတွင် မကြာခဏပြောဆို နေလျက်ရှိသည်။

ထင်လင်းအောင်
မဇ္ဈိမ

0 comments:

Post a Comment