Wednesday, September 25, 2013

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူများ ဖြစ်ပြီး အများစုမှာ စိတ်ကျရောဂါ ခံစားနေရသူများဖြစ်

9.24.k.1
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံရှိ ပြင်ပလူနာဌာနအား တွေ့ရစဉ်
မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေ ရသူများ ဖြစ်ပြီး အများစုမှာ စိတ်ကျရောဂါ ခံစားနေရသူများ ဖြစ်ကြောင်း စိတ်ကျန်မာရေး အထူးကု ဆရာ ၀န်ကြီး ဒေါက်တာစိုးမင်း၏ ပြောကြားချက်အရ သိရသည်။
ယေဘုယျအားဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြံစည်အားထုတ်သူများ၊ သေဆုံး သွားကြသူများ၏ ရာခိုင်နှုန်း ၉၀ ကျော်မှာ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ တစ်မျိုးမျိုးအား ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါ ခံစားနေရသူများ၏ ရာခိုင်နှုန်း ၈၀ ခန့် မှာ စိတ်ကျရောဂါ ခံစားနေရသူများဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၂ ရက်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း သုံးခွမြို့နယ်၊ မဟာမိတ်ကျေးရွာနေ ကို........(၂၆)နှစ်သည် ၎င်း၏နေအိမ်အတွင်း (၆) ပေခန့် အမြင့်ရှိ ထုပ်တန်းတွင် ကလေးပုခက်ကြိုးဖြင့် မိမိ ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေမှု ဖြစ်ပွားခဲ့သည်။
''ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကာကွယ် တားဆီးရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုတာ သိပ်ကို ကျယ်ပြန့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မိသားစု တစ်စုချင်းကနေ နိုင်ငံတစ်ဝန်းလုံးအတိုင်း အတာအထိ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကနေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကို တစ်ဦးချင်း အချက် အလက်နဲ့ ပြောရရင် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ ကြိုးစားတာ၊ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ့်အသိုက်အ၀န်းထဲက ယုံကြည် စိတ်ချရသူတွေနဲ့ ဖွင့်ဟတိုင်ပင်တာ၊ ကိုယ့်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အရက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ပြဿနာတွေ ရှိနေခဲ့ မယ်ဆိုရင် တတ်ကျွမ်း နားလည်တဲ့ သူတွေနဲ့တိုင်ပင်ပြီး ကုသမှုခံယူတာတွေ လုပ်ဖို့လိုတယ်'' ဟု စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးမင်း က ပြောကြားသည်။
စိတ်ဖောက်ပြန်သည့် ရောဂါဝေဒနာ ခံစားနေရသူများ၊ အရက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော အခြားသော ဆေးသုံးစွဲသူများ၊ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်၍ ပြဿနာရှိသူများတွင် မိမိကိုယ်ကိုယ် အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်နိုင်သည့် အလားအလာရှိပြီး စိတ်ဖောက်ပြန်သည့် အတွေးရှိသူများ၊ လူမူစီးပွားရေးတွင် ကိုယ်ရေးကိုယ်တာ အခက်အခဲ ရှိသူများ၊ ဆိုးဝါး ပြင်းထန်လွန်းသည့် ရောဂါဝေနာခံစားနေရသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် အရက်စွဲဝေဒနာ ခံစား နေရသူများတွင်လည်း မိမိကိုယ်ကိုယ် အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်နိုင်သည့် အနေအထား ရှိကြောင်း သိရသည်။
''ကိုယ့်ရဲ့အခက်အခဲ စိတ်ဖိစီးမှုတွေကို အရက် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ဆေးတွေကို အသုံးပြုပြီး ထွက်ပေါက်ရှာ ဖြေရှင်းတာမျိုး မလုပ်ဖို့ သတိပေးလိုပါတယ်။ ဒီလိုလုပ်တာဟာ အခြေအနေကို ပိုဆိုးရွား လာစေပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်ထဲမှာ၊ ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာရော စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူတွေ၊ အရက်မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာရှိသူတွေ ရှိနေခဲ့မယ်ဆိုရင် လျစ်လျူရှု ပစ်ပယ်မထားဘဲ လိုအပ်တဲ့ ကုသမှုတွေရဖို့ ပံ့ပိုးကူညီပေးဖို့ လိုပါတယ်'' ဟု ယင်းက ဆက်လက် ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇွန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မိမိကိုယ်ကိုယ် သတ်သေမှု ၇၆ မှု ဖြစ်ပွားခဲ့ပြီး မိမိကိုယ်ကိုယ် သတ်သေမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျှက် ရှိကြောင်းလည်း သိရသည်။

Eleven Media Group

0 comments:

Post a Comment