Tuesday, August 27, 2013

မန္တလေးမြို့တွင် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ၂၅ ရက်၌ မီးပုံးပျံခရီးစဉ် စတင်မည်ဖြစ်ပြီး ပုဂံ၊ အင်းလေး၊ ပင်းတယ တို့တွင်လည်း ပျံသန်းရန်စီစဉ်

8.1.1
မန္တလေးတိုင်း ဒေသကြီးတွင် ပထမအကြိမ်အဖြစ် မီးပုံးပျံ ခရီးစဉ် ကို အောက်တိုဘာလ ကုန်ပိုင်းတွင် မီးပုံးပျံ ခြောက်လုံးဖြင့် စတင်ပျံသန်း စီးနင်းနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


''အောက်တိုဘာ ၂၅ ရက်လောက်ကို ခရီးသည်တွေနဲ့ မီးပုံးပျံကို စတင်ပျံသန်းဖို့ လျာထား ပါတယ်။ လေကြောင်း အခြေအနေပေါ်လည်း မူတည်ပြီး ပျံဖို့ရှိပါတယ်။ အောက်တိုဘာ လဆန်းလောက်ကို စတင်စမ်းသပ်ပြီး ပျံသန်းမှာ ဖြစ်ပါတယ်။ အခုကတော့ မီးပုံးပျံကို အတက်အဆင်း စမ်းသပ် ပျံသန်း တာပဲ ရှိပါသေးတယ်'' ဟု Oriental Ballooning Myanmar ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းအောင် က ပြောကြားသည်။

အဆိုပါ မီးပုံးပျံ ခရီးစဉ်ကို မီးပုံးပျံ အကြီးလေးလုံးနှင့် မီးပုံးပျံအသေး အပါအ၀င် ခြောက်လုံးဖြင့် ပျံသန်း မှု ပြုလုပ်မည်ဖြစ်ပြီး ပျံသန်းချိန် တစ်နာရီ ၀န်းကျင်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးပုံး ပျံ စီးနင်းရန် အတွက် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ ၀န်းကျင်ခန့် ကျသင့်မည် ဖြစ်သည်။

''မီးပုံးပျံ အတွက်က ပစ္စည်းရော နည်းပညာအရရော စိုးရိမ်စရာ မရှိပါဘူး။ အင်္ဂလန်က ကျွမ်းကျင်သူတွေကို ငှားထားပါတယ်။ ပုဂံမှာက နိုင်ငံခြားသား ကုမ္ပဏီတစ်ခုပဲ ရှိပါတယ်။ တက်လာတဲ့ ခရီးသွားဦးရေက များလာတဲ့ အခါကျတော့ ဒီမီးပုံးပျံက တကယ်တမ်းဆို မလုံလောက်တော့ဘူး။ ဒါကြောင့် တိုင်းရင်းသားပိုင် မီးပုံးပျံကုမ္ပဏီ တစ်ခုကို ထောင်ဖြစ်တာပါ။ နေရာအနှံ့ကို ပျံမယ်ပေါ့'' ဟု ၎င်းက ပြောကြားသည်။

အဆိုပါ မီးပုံးပျံခရီးစဉ်ကို မန္တလေးအပြင် အဓိက ခရီးသွား ဒေသများဖြစ် သည့် ပုဂံ၊ အင်းလေး၊ ပင်းတယ စသည့်ဒေသ များတွင်လည်း ပျံသန်းခွင့် ရရှိရန် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ပြီး ပျံသန်းခွင့်ပြုပါက ဆက်လက် စီစဉ် ပျံသန်းမည်ဖြစ်ကာ အောက်တိုဘာ ၂၅ ရက်မှစတင်၍ နေ့စဉ် စီးနင်း နိုင် မည် ဖြစ်ကြောင်းလည်း သိရသည်။

''ရာသီဥတုပေါ် မူတည်ပြီး ပျံသန်းရတော့ လေသိပ်ထန်နေရင် ပျံလို့မရဘူး။ မနက်စောစောနဲ့ ညနေပိုင်းတွေ မှာပဲ ပျံလို့ရတယ်။ မီးပုံးပျံ အသေး မှာ လေးယောက် စီးနိုင်ပါတယ်။ အကြီးကတော့ ရှစ်ယောက်စီးနင်းလို့ ရပါတယ်။ ဈေးကတော့ နေရာဒေသကွာပြီး ဈေးအနည်းအကျဉ်း ကွာခြားတာတော့ ရှိတယ်။ မန္တလေးမှာဆိုရင် စစ်ကိုင်းဘက်ကနေ စပျံရင် စစ်ကိုင်းတောင်တို့၊ စစ်ကိုင်းတံတားတို့ တွေ့ရမယ်။ ဧရာဝတီမြစ်ပေါ် ကနေ ဖြတ်ပျံမယ်။ နောက်မန္တလေးကနေ စပျံမယ်ဆိုရင် မန္တလေးတောင်၊ မန္တလေးနန်းတော်၊ ဦးပိန်တံတားကို တွေ့ရမယ်။ တစ်ခါစီးရင် တစ်မျိုး ပါ။ လေကြောင်း ကို ဒီကတက်ပြီး ဒီကပဲပြန်ဆင်းတာ မဟုတ်ဘူး။ နောက် တစ်ခါစီးရင် နောက်တစ်မျိုး ဖြစ်ရမယ်။ အဲဒီနေ့ရဲ့ လေကြောင်း အခြေ အနေပေါ် မူတည်ပြီးတော့ ပျံသန်းရတဲ့ နေရာလည်း မတူတတ်ပါဘူး'' ဟု ဦးဝင်းအောင်က ထပ်မံပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment