Wednesday, August 28, 2013

ကျေးလက်နေ ပြည်သူများ တင်ပြသည့် ကဏ္ဍကို ဦးစားပေး လုပ်ဆောင်မည်

ကျေးလက်နေ ပြည်သူများ အနေဖြင့် မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်လိုသည့် ကဏ္ဍများကို  သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ် အထောက်အကူပြု အဖွဲ့၊ ရပ်မိ ရပ်ဖနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း တိုင်ပင် ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့  တင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့တင်ပြလာသည့် ကဏ္ဍများ အတွက်  ကဏ္ဍအလိုက်  အသုံးစရိတ်များ ပြန်လည် ချပေး သွားမည်ဟု လည်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က  ပြောကြားခဲ့သည်။

''ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ချင်တာ တစ်ခု၊ ပြည်သူတွေ လုပ်ချင်၊ လိုချင်တာက တစ်ခု ဖြစ်နေလို့ အရင်က အံချော်နေတာ ဖြစ်တယ်။ အခုတော့ အောက်ခြေရဲ့ လိုအပ်ချက်နဲ့ သွားမှာပါ။ ပြည်သူတွေ တင်ပြလာတာကို ကြည့်ပြီး  ကဏ္ဍအလိုက် ဘတ်ဂျက် ချပေးသွားမှာ ပါ'' ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့ သည်။

နိုင်ငံတော် အစိုးရအဖွဲ့ အနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများ ရေးဆွဲ အကောင် အထည် ဖော် ဆောင်ရာ တွင် ဒေသခံများ၊NGO များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပညာရှင်များ ပါဝင်ရန် လိုအပ်သည်။ သို့မှသာ သုံးစွဲမည့် အသုံးစရိတ်များကို ကဏ္ဍအလိုက် ထိရောက်စွာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် အတွင်း ဆင်းရဲမှုနှုန်း ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး အတွက်လည်း အထောက်အကူ ပြုနိုင်မည် ဟု ပေါင်းစုလုပ်အား အကူအညီပေးရေး အဖွဲ့ အမှု ဆောင် အရာရှိချုပ် ကိုဘော်ဘီက ပြော ကြားခဲ့သည်။

''ပူးပေါင်းလုပ်မှသာ လိုအပ်ချက် ရှိတဲ့ နေရာကဏ္ဍအလိုက် အပြည့်အဝ လုပ်နိုင်မှာ။ ဒီလိုမှ မဟုတ်ရင် ဆင်းရဲမှု လိုင်းအောက်ကနေ ဆွဲတင်ဖို့ မဖြစ်နိုင်ဘူး။ အစိုးရ အဖွဲ့တစ်ခုတည်းနဲ့ မလုံလောက် ဘူး။ ဒေသခံတွေ ပါဖို့လိုပါတယ်။ အဲဒီ အတိုင်းသာ လုပ်ရင် ၂ဝ၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်း အထိ လျှော့ချ ဖို့ ဖြစ်နိုင် ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။   

Eleven Media Group

0 comments:

Post a Comment