Wednesday, August 7, 2013

ဖားကန့်-မြစ်ကြီးနားလမ်းပိုင်း လ၀ါး-ကာမိုင်းကြား ရေကြီးမှုကြောင့် ကားများသွားလာမှု ပြတ်တောက်ကာ လမ်းပိုင်းတစ်ခုလုံး ဆိုးဝါးစွာ ပျက်စီးနေ

E-7-8
ဖားကန့်မြို့နယ်သို့ သွားရာလမ်းပိုင်း လ၀ါး-ကာမိုင်းကြားတွင် ရေကြီးမှုကြောင့် ကားသွားလာမှု ခက်ခဲနေ သည်ကို သြဂုတ် ၅ ရက်ကတွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်သို့ သွားရာလမ်းပိုင်း လ၀ါး-ကာမိုင်းကြားတွင် ရေကြီးမှုကြောင့် ကားသွားလာမှု သြဂုတ် ၅ ရက် ညနေပိုင်းမှစ၍ ပြတ်တောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မြစ်ကြီးနားမှ
ကာမိုင်းသို့သွားရန် မြစ်ကြီးနား-လ၀ါး-ကာမိုင်းလမ်းနှင့် မြစ်ကြီးနား-မိုးကောင်း-ကာမိုင်းလမ်း နှစ်သွယ် ရှိပြီး မြစ်ကြီးနားမြို့က ပို့ဆောင်ရေး လုပ်ငန်းရှင်များမှာ မိုင် ၂၀ ခန့် သက်သာသော လ၀ါး-ကာမိုင်း လမ်းပိုင်းကိုသာ အဓိက အသုံးပြုနေကြသည်။
၎င်းလမ်းပိုင်းမှ ကားဆရာတစ်ဦးက "မိုးကောင်းလမ်းပိုင်းကို ကားဆရာတွေက မသုံးချင်ကြဘူး။ လမ်း ပိုဝေးပြီး အခွန်အခ၊ တောင်းတာတွေ ပေးရတာက ကျပ်ငါးထောင်ကျော် ထပ်ကုန်ဦးမှာ။ အပ်ရမယ့် ကားတွေမို့ လူအပင်ပန်းခံပြီး မောင်းနေကြတာ။ လမ်းအနေထားအရ ကားရောလူရော အန္တရာယ် မကင်းဘူး" ဟု ပြောကြားသည်။
ယခုအချိန်တွင် ဖားကန့်သွားရာ လမ်းပိုင်းများ ဆိုးရွားစွာ ပျက်စီးနေပြီး ကုန်တင်ကားများမှာ ၉၈ မိုင်ခရီးကို လေးရက်ကြာ မောင်းနှင်နေရကြောင်း ကားမောင်းသူများက ဆိုသည်။ "ကျွန်တော်တို့ မိုးကောင်းကနေ ထွက်လာတာလမ်းမှာ သုံးညရှိပြီ။ ခရီးက တစ်ဝက်ကျော်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လမ်းပိုင်းတွေထဲ ဒီလမ်းက အဆိုးဆုံးပဲ" ဟု မန္တလေးမြို့မှ ဦးမိုးကျော်သူက ဆိုသည်။
ကချင်ပြည်နယ် ကျောက်စိမ်းရတနာ ထွက်ရှိရာ ဖားကန့်ဒေသသို့သွားရန် လမ်းနှစ်သွယ်ရှိပြီး မိုးညှင်း-ဟိုပင်-အင်းတော်ကြီး-ဝေခါ-ဖားကန့်လမ်းပိုင်းမှာ မိုးရာသီတွင် အသုံးပြု၍မရဘဲ ဆောင်း ရာသီနှောင်း ပိုင်းနှင့် နွေဦးရာသီတွင်သာ အသုံးပြုနိုင်သည်။ အဓိက လမ်းပိုင်းဖြစ်ပြီး ရာသီမရွေး အသုံးပြုနေသော မြစ်ကြီးနား -မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်းမှာလည်း ယခုအချိန်တွင် ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။

EMG

0 comments:

Post a Comment