ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် တည်ဆောက်လျက်ရှိသော ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းအတွက် ယာဉ်ကြော ပြောင်းလဲထားကြောင်း ယာဉ်ထိန်း အင်ဂျင်နီယာ ဌာနခွဲ တာဝန်ခံ ဦးခိုင်ဇော်ဝင်းက ပြောကြားသည်။
ယခင် ကမ္ဘာအေး လမ်းမကြီးအစား သြဂုတ် ၆ ရက်မှ စက်တင်ဘာ ၉ ရက်နေ့အထိ ရေတာရှည်လမ်း၊ ကြားတောရလမ်း၊ အနောက် ရွှေဂုံတိုင်လမ်း တို့မှ ပြောင်းလဲသွားကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ စီမံကိန်းစဖို့ Survey ကောက်ကတည်းက လမ်းပိတ်ဖို့တွေရှိပါတယ်။ စောစော ပိတ်ထားရင် အခက်အခဲအများကြီး ရှိနိုင်လို့ အခြားလွတ်တဲ့နေရာတွေ အရင်လုပ်နေတာပါ။ အခု ကြမ်းခင်းလုပ်ဖို့ Cross Beam (အောက်ခံဘောင်) ရှည်တဲ့အတွက် ကား အကြီးတွေ သွားလို့ မရတာပါ။ ဆယ်ပေအောက် ကားလေးတွေတော့ သွားနိုင်ပါတယ်။ ကျွန်တော်တို့ စည်ပင်ကို ဇူလိုင် ၃၀ ရက်က ခွင့်ပြုမိန့် တင်တာပါ” ဟု ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှ စီမံအရာရှိ ဦးညီမျိုးမြင့်က ဆိုသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင် တည်ဆောက် ခဲ့ပြီး ၂၀၁၃ နိုဝင်ဘာလတွင် အပြီးသတ် တည်ဆောက် မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။
“အခုလမ်းက ကောင်းတယ်။ လမ်း နည်းနည်း ရှင်းတယ်။ ရွှေဂုံတိုင်ဆိုရင် လမ်းဆိုးပြီး ကျဉ်းလည်း ကျဉ်းတော့ ကားက ယိုင်ထိုးနေတယ်” ဟု ၄၃ (အထူး) ကားဒရိုင်ဘာ ဦးသိန်းညွန့်က ဆိုသည်။
“အခုလမ်းက နည်းနည်း မြန်သလိုပဲ။ ကား သိပ်မကျပ်ဘူး” ဟု ခရီးသွား တစ်ဦးက ပြောကြားသည်။
ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းအတွက် ရေတာရှည်လမ်း တစ်လျှောက် ယာဉ်ထိန်းရဲ ၁၄ ဦး၊ မ.ထ.သ ဝန်ထမ်း ၁၀ ဦး အပါအဝင် အခြား တာဝန်ရှိသူ ၃၀ ဦးခန့် ယာဉ်ကြော မပိတ်ဆို့ရေးအတွက် ကြီးကြပ် ဆောင် ရွက်နေကြောင်း ယာဉ်ထိန်းရဲ တစ်ဦးဖြစ်သူ ဦးသာဌေးက ဆိုသည်။
Living Color၊ ဥမ္မာလွင်
The Voice
0 comments:
Post a Comment