Saturday, August 10, 2013

အလုပ်ရှင်များဘက်မှ ကန့်ကွက်မှုများ ရှိသော်လည်း အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသစ်အား မကြာမီ အတည်ပြု ပြဋ္ဌာန်းမည်

8.9.1
ပြည်တွင်း အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တစ်နေရာအား ယခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- နီလာ)
အလုပ်သမား ၀န်ကြီးဌာနမှ ရေးဆွဲလျက်ရှိပြီး မကြာမီ အတည်ပြုပြဋ္ဌာန်း တော့မည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသစ်ကို အလုပ်ရှင်များဘက်မှ ကန့်ကွက်မှုများ ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေသစ်တွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေခြင်း၊ အလုပ်သမားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် သုံးစွဲခြင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များ၊ ကျွမ်းကျင်မှု ယှဉ်ပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေး ဌာနများ မှတ်ပုံတင်ခြင်းနှင့် တည်ထောင် ဖွင့်လှစ်ခြင်းတို့ အပါအ၀င် အခန်း(၁၀) ခန်း ပါဝင်ကြောင်း သိရသည်။
''ဒီဥပဒေကို လွှတ်တော်မှာ တင်ပြထားတာ တစ်နှစ်နည်းပါး ရှိပါပြီ။ အမျိုးသား လွှတ်တော် မှာ ဆွေးနွေးပြီး အမျိုးသားကော်မတီကို တင်တဲ့အခါ အလုပ်ရှင်တွေက ကန့်ကွက်ခဲ့တဲ့အတွက် သူတို့နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရပါတယ်။ နောက်ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးပြီးလို့ ပြည်ထောင်စု လွှတ်တော်ကို တင်တဲ့အခါမှာလည်း အလုပ်ရှင်တွေ ဘက်ကနေ ထပ်မံကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေက မကြာခင်မှာ အတည်ပြုနိုင်မယ့် အနေအထားမှာ ရှိပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။
''စက်ရုံ အလုပ်ရုံတွေမှာ အလုပ်ခန့်တဲ့အခါမှာ အလုပ်ရှင်အနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ရမယ်။ ဒါကို အလုပ်ရှင်တွေက စာချုပ်ချုပ်ဖို့ မလိုအပ်ဘူးလို့ ထင်ကြတယ်။ ကျွန်တော်တို့ဌာနမှာ အလုပ်အကိုင် ရှာဖွေရေးရုံး ၇၇ ရုံးရှိတယ်။ ဒါတွေလုပ်ဖို့ မလိုအပ်ဘူး ဆိုတာကို ပြောကြတယ်။ အလုပ်သမားတွေကို ကျွမ်းကျင်မှု သင်တန်းပေးရေး ဆိုတာကလည်း သူတို့ဘာသာသူတို့ လုပ်လို့ရတယ်လို့ ပြောပါတယ်။ အဓိက သူတို့ကတ်နေတာက ဥပဒေမှာပါတဲ့ အလုပ်သမား ရန်ပုံငွေ ထူထောင်ရေး ကိစ္စမှာပါ။ အလုပ်ရှင်က အလုပ်သမားတွေရဲ့ လစာထဲက ၀ ဒသမ ၅ ရာခိုင်နှုန်းထက်မနည်း ရန်ပုံငွေ ထည့်ရမယ်ဆိုတဲ့ အချက်ကိုလည်း လက်မခံကြဘဲ ကန်ကွက် ကြတယ်'' ဟု ယင်းကဆက်လက် ပြောကြားခဲ့သည်။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသစ်အား လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်ငန်း တိုးတက်စေရန်အတွက် ရည်ရွယ်ရေးဆွဲခြင်း ဖြစ်သည်ဟု သိရသည်။
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုတက်ရေး ဥပဒေမူကြမ်းကို ဇူလိုင် ၃၀ ရက်တွင် ခေါ်ယူသည့် သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြု ခဲ့ပြီး ဖြစ်သည်။

EMG

0 comments:

Post a Comment