Friday, August 2, 2013

မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်း ဒေသအချို့၌ မိုးခေါင်မှုကြောင့် တောင်သူများ မိုးစပါး စိုက်ပျိုးရန် အခက်ကြုံ

8.1.10

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ယာစိုက်တောင်သူများ မိုးခေါင်နေမှုကြောင့် စိုက်ပျိုး ထွန်ယက်ရန် ခက်ခဲနေမှုအား တွေ့ရစဉ်
ယခုနှစ် မိုးရာသီ ကာလတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များ၌ ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေသော် လည်း အလယ်ပိုင်းဒေသ အချို့တွင် မိုးခေါင်နေမှုကြောင့် တောင်သူများ မိုးစပါးစိုက်ပျိုးရန် အခက် ကြုံတွေ့ နေရကြောင်း သိရသည်။
မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး၊ မကွေး တိုင်းဒေသ ကြီး မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဒေသအချို့တို့တွင် မိုးရွာ သွန်းမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများမှာ မိုးစပါးနှင့် အခြားသီးနှံများ ထွန်ယက်စိုက်ပျိုးရန် အတွက် ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်ကတော့ မိုးစပါး စိုက်ပျိုးဖို့အတွက် အဆင်မပြေတော့ဘူး။ တကယ်လို့ မိုးကျလာခဲ့ရင် စိုက်နိုင်ဖို့ အတွက် ရေစက်မောင်းပြီးတော့ ပျိုးထောင်ထားတာကလည်း မိုးရေမရရင် ပျိုးပင်တွေက သေတော့မယ်။ မိုးနှောင်းကာလကျမှ ရွာလာရင်တော့ ဘာစပါးမှစိုက်လို့ အဆင်မပြေတော့ဘူးပေါ့။ အရင်နှစ်ကလည်း မိုးခေါင်လို့ စပါးအထွက်နှုန်း လျော့ကျခဲ့ရတယ်'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့နယ် အတွင်း မှ တောင်သူကြီး တစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီးတွင်လည်း ယခင်နှစ်က မိုးရေရရှိမှု နည်းပါးခဲ့ခြင်းကြောင့် နွေစပါး စိုက်ဧက များ လျော့ကျခဲ့ပြီး အထွက်နှုန်းပါ ကျဆင်းခဲ့ရသည်။ ယခုနှစ် မိုးစပါး စိုက်ပျိုးချိန်တွင်လည်း မိုးရေချိန် လက်မ များသည့် ဒေသများတွင် စိုက်ပျိုးနိုင်သော်လည်း အခြားဒေသများမှာ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေ ရသည်။ တိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားချက်မှာ လယ်မြေဧက ၁၀ သိန်း ၀န်းကျင် ရှိရာမှ ခြောက်သိန်းကျော်သာ စိုက်ပျိုးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူ လူထုအား ရေဒီယို မိန့်ခွန်း ပြောကြား ရာတွင် မြန်မာနိုင်ငံ ဒေသအချို့တို့၌ မိုးခေါင်နေမှုများကြောင့် သီးနှံအချို့ ပျက်စီးဆုံးရှုံးခဲ့ရမှုများ ရှိ ခဲ့ကြောင်း ၊ ယင်းသို့ ဖြစ်ခဲ့ရသည့် အတွက် တောင်သူများအား သီးနှံအသစ် များ ပြန်လည်စိုက်ပျိုး နိုင်ရန် အတွက် ကွင်းဆင်းစစ်ဆေးပြီး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြား သွားခဲ့ သည်။
EMG 

0 comments:

Post a Comment