Wednesday, July 24, 2013

ပဋိပက္ခအား ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၏ Power အား မြှင့်တင်ပေးမည်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်များ ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၏ Power အား မြှင့်တင်ပေးမည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင်တို့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် တွေ့ဆုံဆွေးနွေးပွဲ အပြီး ဦးရဲထွဋ်က ယင်းသို့ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကို တားဆီးရန် ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား၊ လက်နက်ကိရိယာ၊ ဆက်သွယ်ရေး နည်းပညာများကို တိုးမြှင့်နေပြီဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
ယင်းအပြင် အဓိကရုဏ်း တားဆီးနှိမ်နင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်မှု သင်တန်း များ ကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"မိတ္ထီလာမြို့မှာ ဖြစ်သွားတာဆိုရင် ရဲတပ်ဖွဲ့အင်အားက ရာဂဏန်းပဲ ရှိတယ်။ လူ ၅၀၀၊ ၆၀၀ လောက်ရှိတဲ့ လူအုပ်စုတွေကို အဓိကရုဏ်း နှိမ်နင်းတဲ့ လက်နက်မပါဘဲနဲ့ သွားဖြေရှင်းလို့ မရဘူး" ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ဦးရဲထွဋ်က ပဋိပက္ခဖြစ်စဉ်အား အဓိက ထိန်းသိမ်းရန်မှာ ပြည်သူလူထု ဖြစ်သဖြင့် ပူးပေါင်းပါဝင် ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
သို့သော် လက်ရှိအချိန်ထိ ပဋိပက္ခ ဖြစ်စဉ်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးမှုနှင့် ပဋိပက္ခ ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားမှုအား နိုင်ငံတကာမှ ဖိအားပေးမှုများ ရှိနေကြောင်း သိရသည်။
"အဓိက ကြိုးကိုင်နေတဲ့သူတွေကို ကျွန်တော်တို့တော့ ရှာနေဆဲပါပဲ။ အဓိကကတော့ နှစ်မျိုးတွေ့တယ်။ ပြည်တွင်းမှာဆိုရင် ကောလာဟလတွေ ဖြန့်နေတာ တွေ့ရတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ဆွဲတင်စစ်တဲ့ အဆင့်မှာဆိုရင် သွားပြောရင် အဆင်ပြေတယ်။ နောက်နေ့ကျရင် လက်မခံတော့ဘူး။ သိရတာတော့ ပြည်တွင်းပြည်ပက ဖုန်းတွေလာပြီး ဖြစ်တယ်လို့ သိရပါတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၂၅၆ ဦးအထိ ရှိခဲ့ပြီး ဖြစ်စဉ်များအတွင်း တရားခံ ၁၅၀၀ အား အမှုဖွင့် စစ်ဆေးနိုင်ခဲ့ကာ တရားခံ ၅၄၁ ဦးအား ပြစ်ဒဏ်များ ချမှတ်ပြီးဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment