Tuesday, July 23, 2013

ခိုးကူးခွေထုတ်လုပ်သည့် လုပ်ငန်းတစ်ခု ရဲဖမ်းမိ

ခိုးကူးခွေများ ထုတ်လုပ်လျှက်ရှိသော လုပ်ငန်းတစ်ခုကို ရဲများက ဇူလိုင် ၂၁ ရက် နေ့လည်က ၀င်ရောက် ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။


ထိုကဲ့သို့ ဖမ်းဆီးလိုက်သည့် ရဲများမှာ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ဒုရဲအုပ် တင်မောင်စိုး ဦးဆောင်သော အဖွဲ့ဖြစ်ပြီး ယင်းရဲစခန်း တည်ရှိရာမြို့နယ်အတွင်းရှိ ၁၁၈ လမ်းမှ တိုက်ခန်းတစ်ခု၏ လေးလွှာတွင် အဆိုပါ လုပ်ငန်းက ရှိနေခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ရဲများက ထိုတိုက်ခန်းထဲသို့ ၀င်ဖမ်းချိန်တွင် တရားမ၀င် ဆင်ဆာမဲ့ခွေများကို ခွေကူးစက်များဖြင့် ထုတ်လုပ်နေသည်ကို ဖမ်းမိခဲ့ပြီး ရဲများ ၀င်ဖမ်းစဉ် ထိုအခန်း၌ ရှိနေသည့် သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

၎င်းမှာ အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ကိုရှိုင်းဝေယံဆိုသူ ဖြစ်ကြောင်းလည်း ရဲဌာနက အတည်ပြုသည်။

၎င်းနှင့်အတူ အခွေအလွတ် သုံးထောင်၊ ဆင်ဆာမဲ့ နိုင်ငံခြား ဒီဗီဒီဇာတ်လမ်းခွေ ၁၂၅၀၀ ချပ်ကျော်၊ ဒီဗီဒီ အခွံ ၄၅၅၀၀ ရွက်နှင့် အခွေကူးစက် ခြောက်လုံး၊ အီးဗီဒီစက် နှစ်လုံးတို့ကိုလည်း သိမ်းဆည်းခဲ့သည်ဟု ရဲ မှတ်တမ်းများတွင် တွေ့ရသည်။

ရန်ကုန်တိုင်းအတွင်းတွင် အဓမ္မကျူးလွန်မှုများ အဖြစ်များသည်ဟုဆိုကာ ထိုပြစ်မှုများ လျော့ကျစေရေးအတွက် ရဲများက စီမံချက်ချ ဆောင်ရွက်နေရာ ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်လမ်းများကို ဖမ်းဆီးခြင်းသည်လည်း ထိုစီမံချက်တွင်ပါရှိကြောင်း ထုတ်ပြန်ထားသည်။

ရဲများက ထိုဇာတ်လမ်းခွေများသည် လိင်စိတ်ကို ထကြွစေသည်ဟု သံသယရှိသည်။သို့သော် ခိုးကူးခွေ လက်လီအရောင်းဆိုင်များကိုသာ ဖမ်းဆီးပြီး မူလဇာတ်မြစ်ကို ရှာဖွေဖမ်းဆီးမှု အားနည်းသည်ဟု ရဲဌာန ကို ဝေဖန်မှုများလည်း ရှိနေသည်။

ယခုခိုးကူးခွေ လုပ်ငန်းကို ဖမ်းမိသည့် ကိစ္စအတွက် ကိုရှိုင်းဝေယံကို ရဲကပင် တရားလိုပြုလုပ်ကာ စွပ်စွဲတိုင်တန်းထားပြီး မင်္ဂလာတောင်ညွန့်ရဲစခန်းက အမှုအမှတ်(ပ)၅၀၉/၁၃ ဖြင့် အမှုဖွင့်ထားသည်။ သံသယရှိသူကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုပုဒ်မ ၃၂(က)(ခ)တို့ ဖြင့် တရားစွဲမည်ဟုလည်း ရဲဌာနက ထုတ်ပြန်ချက်တွင် ပါရှိသည်။

Mizzima News

0 comments:

Post a Comment